Headlines

တီးတိန်မြို့နယ် မွာလ်ပီးရွာမှာ တိုက်ပွဲ ပြင်းထန်နေပြီး ၂ ဖက် သေဆုံးမှုများရှိ

ဇွန်လ ၂၈ ရက်။

ဇွန်လ ၂၅ ရက်နေ့ ညကစ ပြီး တီးတိန်မြို့နယ် မွာလ်ပီးရွာမှာ ချင်းဒေသကာကွယ်ရေးတပ်ပေါင်းစု နှင့် စစ်ကောင်စီ စစ်တပ်တို့အကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးခဲ့ကာ တိုက်ပွဲဟာ ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့ အထိ ရပ်နားခြင်း မရှိဘဲ ဆက်လက် ပြင်းထန်နေပြီး ၂ ဖက်တပ်မှာ လူ သေဆုံးမှု ရှိနေတယ် လို့ တိုက်ပွဲ နဲ့ နီးစပ်သူတွေ ထံမှ သိရှိခဲ့ရ ပါတယ်။

“လေးရက်မြောက်နေ့ ရောက်လာ ပါပြီ။ တိုက်ပွဲက ဆက်လက် ပြင်းထန်နေတယ် လို့ သိရ ပါတယ်။ ကလေးမြို့ ကနေ အမြောက် နဲ့ တောက်လျှောက် ပစ်ကူ နေတာ ကြုံနေရတယ်။ ချင်းကာကွယ်ရေး တပ်ပေါင်းစု ဘက်ကနေ တချို့ တိုးတက်မှုတွေရှိတယ်။ အခုထိတော့ နှစ်ယောက် ကျသွားခဲ့တယ် လို့ သိရတယ်” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ နဲ့ နီးစပ်သူ ထံမှ သိရှိခဲ့ရ ပါတယ်။

ဇွန် ၂၆ ရက်နေ့မှာ ချင်းအမျိုးသားတပ်မတော်(CNA)တပ်ဖွဲ့ဝင် Salai Ha Kalay၊ ဇွန်လ ၂၇ ရက်နေ့မှာ CDF-CDM-Siyin တပ်ဖွဲ့ဝင် Khaikhai ခေါ် Tg Thang Sian Khai တို့ ကျဆုံးသွားခဲ့ကြောင်း လက်ရှိ တိုက်ပွဲနဲ့ နီးစပ်သူတွေရဲ့ FB လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားချက်များ အရ သိရှိရပါတယ်။

လက်ရှိ စစ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ကာကွယ်ရေး တပ်ဖွဲ့ တစ်ခုရဲ့ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးကို Chin World Media မှ မေးမြန်းရာမှာတော့ “စစ်ရေး အခြေအနေ ဖော်ပြတာ မျိုး မလုပ်ကြဖို့ တပ်ဖွဲ့ တွေ သဘောတူထား တော့ လတ်တလော မှာ မှတ်ချက် ပေးလို့ အဆင်မပြေ သေးဘူး။ အချိန် အတိုင်းအတာ တစ်ခုမှ ထုတ်ပြန်ဖို့ ရှိပါတယ်” လို့ ပြောပြပါတယ်။

ကလေးမြို့ ဒေသခံ တစ်ဦး ကတော့ “ အမြောက် နဲ့ လက်နက်ကြီး ပစ်သံတွေ ကြားနေရ ပါတယ်။ မွာလ်ပီး-ထေးဇန် ရွာဘက်တွေကို စစ်ကောင်စီ ဘက်ကနေ စစ်ကူတွေ တောက်လျှောက် ပို့နေကြလို့ လည်း ကြားခဲ့ ရပါတယ်” လို့ ကလေးမြို့ရဲ့ အခြေအနေကို ပြောပြပါတယ်။

FB လူမှုကွန်ယက် သုံးစွဲသူ ချင်းအမျိုးသား တစ်ဦးကတော့ “လက်ရှိ တီးတိန်မြို့နယ် မွာလ်ပီး တိုက်ပွဲမှာ CC, CB နှင့် တခြား PDF တွေ ပူးပေါင်း တိုက်ခိုက်တာ ဖြစ်တဲ့ အတွက် C2P တပ်လို့ ခေါ်သင့်ပါတယ်” လို့ မှတ်ချက်ပြု ဖော်ပြခဲ့ ပါတယ်။

စစ်ကောင်စီ လေတပ်ကနေ ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ ခိုင်ကမ်းမြို့ အနီးရှိ ခိုင်ကမ်းဆင်စခန်းကို လည်းကောင်း၊ ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် ကလေး-တီးတိန် လမ်းမပေါ်ရှိ လေထန်ကုန်း ခေါ် ထန်မွာလ် ကို လည်းကောင်း ၊ ဇွန် ၂၄ ရက်နေ့ ညနေပိုင်းမှာ ထေးဇန် ကော်ဖီခြံကို လည်းကောင်း သုံးရက် ဆက်တိုက် ဗုံးကြဲ ခဲ့ အပြီး ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက စလို့ ချင်းဒေသကာကွယ်ရေး တပ်ပေါင်းစု မှ တီးတိန်မြို့နယ် မွာလ်ပီးရွာကို ချီတက်လာတဲ့ စစ်ကောင်စီတပ်များကို အပြင်းအထန်ခုခံတိုက်ခိုက် လာခဲ့ကြ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *