Headlines

တီးတိန်မြို့နယ် မွာလ်ပီးရွာကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့

ဇွန်လ ၁ ရက်။

ချင်းတောင်ကိုစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်စီစစ်တပ်များမှ ဒီရက်ပိုင်းအတွင်း တီးတိန်မြို့နယ် မွာလ်ပီးရွာရှိ လူနေအိမ်များ မီးရှို့နေတယ် လို့ အတည်ပြုနိုင်ပြီ ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ နဲ့ နီးစပ် သူ တစ်ဦးမှ Chin World Media ကိုပြောပါတယ်။

“မေလ ၂၇ နေ့ က စပြီး မွာလ်ပီးရွာ ဘက်ကနေ မီးခိုးတွေ တက်လာတာ တွေ့ရတယ်။ အစမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီ တပ်သားတွေကို မီးသဂြိုလ်တာ ဖြစ်မယ်လို့ ခန့်မှန်း ခဲ့ကြ ပေမယ့် မီးခိုး တက်လာပုံတွေ ကြည့်တော့ နေအိမ်တွေ မီးရှို့တယ် ဆိုပြီး အတည်ပြုဖြစ်တာပါ။ ကာကွယ်ရေး တပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီ စစ်တပ်တွေကြား တိုက်ပွဲ က မနားဘူး။ မွာလ်ပီးရွာကနေ စစ်ကောင်စီ စစ်တပ်တွေ ထပ်မတက်လာအောင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ စုပေါင်း ခုခံနေ ပါတယ်” လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ နဲ့ နီးစပ်သူမှ အခြေအနေကို ရှင်းပြပါတယ်။

မေလ ၁၉ ရက်နေ့မှာ ကလေးမြို့ကနေ ချင်းတောင်ကို ဦးတည် ချီတက်လာတဲ့အင်အား ၈၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းရတဲ့စစ်ကောင်စီတပ်ကို CDF-CDM-Siyin တပ်ဖွဲ့ အပါအဝင် ချင်းဒေသ ကာကွယ်ရေး တပ်ဖွဲ့များမှ မေလ ၂၁ ရက်နေ့ ကနေ လမ်းမှာ စတင် ခုခံတိုက်ခိုက်ခဲ့ပြီး လက်ရှိ အချိန်ထိ ခုခံ တိုက်ခိုက် နေဆဲ ဖြစ်တယ် လို့ CDF-CDM-Siyin တာဝန် ရှိသူ တစ်ဦးက Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

“ယခု ဖြစ်ပွားတဲ့ စစ်ကောင်စီ စစ်တပ်တွေကို ခုခံ တိုက်ခိုက်တဲ့ တိုက်ပွဲမှာ Chinland Council တပ်ဖွဲ့တွေရော၊ Chin Brotherhood တပ်ဖွဲ့တွေပါ ပူးပေါင်းပြီး ခုခံ နေပါတယ်။ ချင်းပြည်ကာကွယ်ရေး အတွက် CC, CB ပူးပေါင်း စစ်ဆင် ခဲ့တဲ့ တိုက်ပွဲပါ။ တိုင်းပြည်အတွက် သူရဲကောင်း Tg Suan Van Mung က သူ့မှာ တခုတည်းသာ ရှိတဲ့ သူအသက်ကို ပေးလှူခဲ့ ပါပြီ” လို့လည်း CDF-CDM-Siyin တာဝန်ရှိသူမှ Facebook မှာ ရေးသား ထားပါတယ်။

အိမ်ခြေ ၇၀ ခန့် ရှိတဲ့ မွာလ်ပီးရွာဟာ ကလေး-သိုင်းငင်း-တီးတိန် လမ်းမ ပေါ်ရှိ တောင်ခြေဘက် အကျဆုံး တောင်ပေါ် ရွာဖြစ်ပြီး ကလေးမြို့မှ ၈ မိုင်ခန့် အကွာမှာတည်ရှိပါတယ်။

လက်ရှိ အချိန်မှာတော့ တိုက်ပွဲ အခြေအနေကြောင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ မီးလောင် ပျက်စီးသွားတဲ့ နေအိမ် အရေအတွက် ကို အတည်ပြုနိုင်ခြင်း မရှိသေး ဘူးလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *