
တီးတိန်မြို့နယ်မှာ ဇွန်လ တတိယ ပတ် အထိစာရင်းအရ ဖွင့်လှစ်နိုင်ခဲ့တဲ့ အခြေခံပညာကျောင်း (၇၁) ခု ကနေ ကျောင်းတက်သူ ဦးရေ (၁၀,၃၄၅) ဦး ရှိကာ အခုလို ကျောင်းဖွင့်နိုင်ခြင်းဟာ ကျောင်းသားမိဘများ လိုလား တောင်းဆိုချက် ကြောင့် ဖြစ်တယ် လို့ တီးတိန်မြို့ခံ တစ်ဦး ထံမှ သိရှိရပါတယ်။
“လက်ရှိ အချိန်မှာ ကျောင်း ဖွင့်နိုင်ဖို့က မိဘတွေ အရေးကြီးပါတယ်။ လုံခြုံရေး နဲ့ ပတ်သက်ပြီး မိဘတွေရဲ့ ပံ့ပိုးမှု မရှိဘဲ ကျောင်းဖွင့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရွာခံတွေ၊ မိဘတွေက လုံခြုံရေး အရ ကျောင်းဖွင့်ဖို့ အဆင်မပြေဘူး ဆိုရင် ဖွင့်လို့ ရတဲ့ ကျောင်း တစ်ခုခု မှာ ဆရာ ဆရာမတွေက တွဲ ခဲ့ရတယ်။ ဒါကြောင့် မိဘတွေရဲ့ ဆန္ဒ၊ လိုလား ချက်ကြောင့် အခုလို ကျောင်း ဖွင့် နိုင်တာ ပါ” လို့ တီးတိန်မြို့ခံတစ်ဦးမှ ပြောပါတယ်။
ကျောင်းအုပ်ဆရာ၊ဆရာမကြီးတွေ နဲ့ တချို့ ဆရာဆရာမတွေ ခြိမ်းခြောက်ခံရတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ ပေမယ့် တီးတိန်မြို့ပေါ်ရှိ စာသင်ကျောင်း အားလုံး ဖွင့်လှစ် နေပြီး ကျောင်းသားကျောင်းသူများလည်း ပုံမှန် တက်ရောက် နေကြတယ် လို့ တီးတိန်မြို့ ဒေသခံ တစ်ဦးမှ Chin World Media ကို ပြောပြပါတယ်။
တီးတိန်မြို့နယ်မှာ အခြေခံပညာကျောင်းပေါင်း ၁၅၁ ခု ရှိကာ ၂၀၂၃-၂၄ ပညာသင်နှစ်မှာ တီးတိန်မြို့နယ်ကနေ ကျောင်းသား (၁၀,၉၃၂) ဦး တက်ရောက် နိုင်ခဲ့ပြီး အခြေခံပညာ သင်ကျောင်း ၃ ခုသာ ဖွင့်လှစ် နိုင်ခဲ့တဲ့ မနှစ်၂၀၂၄-၂၅ ပညာသင်နှစ်မှာတော့ ကျောင်းသားကျောင်းသူ ၂ ထောင် ဝန်းကျင်သာ တက်ရောက် နိုင်ခဲ့ပါတယ်။
