Headlines

တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေဆိုတဲ့ ကာလမှာကလေးမြို့တွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းသား မိဘများ စိုးရိမ်နေကြ

ဇွန်လ ၁၈ ရက်။

မန္တလေးငလျင်ဒဏ်ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆိုနေရတဲ့ ဒေသမှာပါဝင်တဲ့ ကလေးမြို့မှာ သင်္ချာ ဘာသာရပ် ဖြေဆိုရမယ့် ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မနက် ၁ နာရီခွဲခန့်မှာ တာဟန်းရပ်ကွက် နှင့် ကြုံ့သုံးပင် ရပ်ကွက် တို့မှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတဲ့ အတွက် ကျောင်းသား မိဘများ စိုးရိမ်နေကြတယ် လို့ ကလေးမြို့ ဒေသခံများ ထံမှ သိရှိခဲ့ရ ပါတယ်။

“အမြောက်တပ် ကနေ ပစ်တဲ့ ကျည်လို့ သိရ ပါတယ်။ YCW ကိုယ်ပိုင်ကျောင်း အနောက်ဘက် တာဟန်း ဘောလုံးကွင်း နား၊ လမ်းပေါ်မှာ တစ်လုံး ပေါက်ကွဲခဲ့တယ်။ နေအိမ် တစ်လုံး အတော် ပျက်စီးတယ်။ တချို့ အိမ်တွေတော့ ကျည်စ ထိတာတွေ ရှိတယ်။ သေဆုံးဒဏ်ရာ ရတာ မရှိဘူး။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ စာမေးပွဲ ဖြေနေတဲ့ ကလေးတွေ ထိတ်လန့်သွားစေမှာ အမှန်ပဲ။ ကြုံ့သုံးပင် ရပ်ကွက် မွန်းလိုင်ဘက် မှာ ကျတဲ့ ကျည် မပေါက်ကွဲခဲ့ဘူး” လို့ တာဟန်းရပ်ကွက်နေ ကျောင်းသား မိဘ တစ်ဦး က ပြောပြပါတယ်။

မပေါက်ကွဲတဲ့ အမြောက်ကျည်ဟာ ကြုံ့သုံးပင် ရပ်ကွက် မွန်းလိုင် ဘောလုံးကွင်းနားတွင် ကျရောက်ခဲ့ပြီး လမ်းမ အလယ် မြေနု တဲ့ နေရာမှာ ကျရောက်တဲ့ အတွက် ပြန်ကန် ထွက်ကာ ခြံစည်းရိုးတိုင် တစ်ခု ထိမှန် ကျိုးသွားခဲ့ကြောင်း၊ အမြောက်ကျည်ဟာ နေအိမ် တစ်ခု အောက်သို့ ရောက်သွားခဲ့ကြောင်း၊ မပေါက်ကွဲတဲ့ အတွက် နေအိမ် ပိုင်ရှင် အနီးအနား ရှိ လူများပါ သက်သာရာ ရခဲ့ကြောင်း ယင်း တာဟန်းနေ ကျောင်းသား မိဘမှ ဆက်ဘက် ပြောကြား ခဲ့ပါတယ်။

“ကပ်ဘေးကြောင့် တခါဖြေ ပြီးသား စာမေးပွဲကို ကလေးတွေက ပြန် ဖြေနေရတာပါ။ အခုလို မြို့တွင်းမှာ ပေါက်ကွဲသံတွေ၊ ကျည်ကျ တာတွေ ဖြစ်ပွား နေတာက ကလေးတွေကို ကိုယ်ချင်း မစာရာ ရောက်တယ် လို့ ခံစားမိတယ်။ သက်ဆိုင်သူ အားလုံး အနေနဲ့ အခုလို ပစ်ခတ် ပေါက်ကွဲတာမျိုး မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်း သင့်တယ်လို့ ထင်ပါတယ်” လို့ မွန်းလိုင် ရပ်ကွက်နေ ပရဟိတ အသင်း အမှုဆောင် တစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်မှ စစ်ရှောင် အများစု ခိုလှုံရာ ကလေးမြို့နယ်မှာ တက္ကသိုလ်ဝင် စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့က စပြီး အထက (၁)၊ အထက (၃) နှင့် အထက (အင်ဒိုင်းကြီး) စာစစ်ဌာန တို့မှည ပြန်လည် ဖြေဆို နေကြောင်း၊ စာမေးပွဲဖြေဆိုရန် စာရင်းရှိ ၁၁၀၇ ဦး ရှိခဲ့ရာမှ ၁၀၈၆ ဦး ဖြေဆိုခဲ့ပြီး ၂၁ ဦး ပျက်ကွက်ခဲ့ကြောင်း ပညာရေးနဲ့ နီးစပ်သူများထံမှ စုံစမ်း သိရှိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *