Headlines

ဈေးကွက်ပျောက်လာတဲ့ သီးနှံတွေနဲ့ ချွတ်ခြုံကျလာတဲ့ ချင်းပြည်ကတောင်သူတွေ

ကိုဇံ(ချင်းတောင်)

မန္တလေးငလျင် လှုပ်ခတ်အပြီးမှာ ချင်းတောင်အတွက် အနာပေါ် တုတ်ကျသလိုအထိအနာဆုံးဖြစ်ခဲ့တာက ဝဥ ဈေးကွက် ပါပဲ။

“စစ်ဘေးရော၊ သဘာဝဘေးကြောင့်ပါ ချင်းတောင်ရဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ ဈေးကွက် ပျောက်ခဲ့ရပြီ” လို့ ချင်းတောင် ဝဥစိုက် တောင်သူတစ်ဦးက ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ငါးသိန်းနီးပါးရှိတဲ့ ချင်းပြည်နယ်မှာ စိုက်ပျိုးရေးကို အခြေခံပြီးအသက် မွေးဝမ်းကျောင်းသူအရေအတွက်က ဘက်စုံ ဖွံ့ဖြိုးရေး ကို ဆောင်ရွက်နေတဲ့ NGO တစ်ခုဖြစ်သော လူထု အကျိုးဆောင် ဖွဲ့ဖြိုးရေး အဖွဲ့ ခေါ် Community Agency for Rural Development (CAD)ရဲ့ စစ်တမ်းအရ ပြည်နယ်လူဦးရေရဲ့ လေးပုံသုံးပုံ ရှိပါတယ်။

ဒီစိုက်ပျိုး တောင်သူတွေမှာ တောင်ယာ စပါး စိုက်သူတွေကလွဲရင် တခြား သီးနှံနဲ့ နှစ်ရှည်ပင် စိုက်သူတွေကတော့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ပုံစံမျိုးစုံနဲ့ အခက်တွေ့နေသူတွေချည်း ဖြစ်ပါတယ်။

တီးတိန်မြို့နယ်နေ တောင်သူတစ်ဦးကတော့ “လက်ရှိမှာ ဈေးကောင်း ရတယ်လို့ ပြောလို့ ရမယ့် သီးနှံကမရှိသလောက် ဖြစ်နေပြီ” လို့ ညည်းပါတယ်။

နိုင်ငံရေးပဋိပက္ခကြားက ချင်းတောင် စိုက်ပျိုးရေး

တီးတိန်မြို့ တဝိုက်မှာဆိုရင် အထွက် အများဆုံးသီးနှံက ဂေါ်ရခါးသီးပါ။ ပြီးခဲ့တဲ့နှစ် မေလ ၂၇ ရက်ကစတင်တဲ့ တီးတိန်မြို့ တိုက်ပွဲကြောင့် ဒေသခံအားလုံး နီးပါး စစ်ရှောင် ခဲ့ကြရပါတယ်။ အညွှန့်တက်ချိန်မှာပြုစုဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် ဂေါ်ရခါးသီးအထွက် မကောင်းခဲ့ပါဘူး။ တီးတိန်မြို့မှာ ထွက်တဲ့သီးနှံနောက်တမျိုးလည်း ရှိပါသေးတယ်။ အဲ့တာက စပျစ်ပါ။

မိုးနှောင်း ကာလမှာ ဆွတ်ခူးရတဲ့ စပျစ်သီးက အရင်နှစ်မတိုင်မီက တစ်ပိဿာကို ကျပ် ၅ ထောင်လောက်ဈေးရပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၄ မှာတော့ တစ်ပိဿာ ကျပ် ၅၀၀ နဲ့တောင် ဝယ်ယူမယ့်သူ မရှိခဲ့ပါဘူး။
“တီးတိန်မြို့နယ် တစ်ခုတည်းမှာတင် စပျစ်သီး ပိဿာချိန် သုံး သောင်း လောက် ဈေးကွက်ပျောက်ခဲ့ရမယ်” လို့ စပျစ်စိုက် တောင်သူတစ်ဦးက ပြောပါတယ်။

ဈေးကွက်မရှိဖြစ်သွားတဲ့အခါမှာတော့ တောင်သူတွေက တအိမ်နဲ့ တအိမ် ဝိုင်ဖောက်ဖို့ လိုတဲ့သကြားဖိုးလောက်နဲ့ အလဲအလှယ် လုပ်ကြ၊ အလဟာသ မဖြစ်အောင် ဝိုင်ဖောက်ခဲ့ကြရတယ်။
“ပမာဏ ကြည့်လိုက်ရင် မများသလို ဖြစ်ပေမယ့် စပျစ်ခြံ တစ်ခုတည်း လုပ်ကိုင်တဲ့ သူတွေ အတွက်စီးပွားပျက် မတတ်ပဲ” လို့ အဆိုပါ စပျစ်စိုက် တောင်သူက ပြောပါတယ်။

ချင်းပြည်နယ်မှာ နှစ်ရှည်ပင်အနေနဲ့ စပျစ်အပြင် မျောက်ငို၊ ထောပတ်သီးနဲ့ ကော်ဖီကိုလည်း စိုက်ပျိုးတောင်သူတွေ ပိုအားစိုက် ထားကြတာပါ။

မဏိပူရပြည်နယ် အဓိကရုဏ်း နဲ့ နယ်စပ်ကုန်သွယ်ရေး

ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်ကစပြီး ချင်းပြည်နယ် မြောက်ပိုင်းမှာ တောင်သူအများစုအကြီးအကျယ် စိုက်ပျိုးခဲ့ကြတာက မျောက်ငိုသီးပါ။ ချင်းပြည်က ထွက်တဲ့ မျောက်ငိုသီးကို အဓိကဝယ်ယူတာက အိမ်နီးချင်းနိုင်ငံ အိန္ဒိယက၊ မဏိပူပြည်နယ်သား တွေပါ။ ကိုဗစ်ကပ်ရောဂါနဲ့ပြည်တွင်းစစ်ကြောင့် မျောက်ငို ဝယ်ယူ စုဆောင်းဖို့ အခက် ကြုံနေရချိန်မှာ မဏိပူရပြည်နယ်မှာလည်းအဓိကရုဏ်း ထပ်ဖြစ်ပါတယ်။

“တရွာဝင် တရွာထွက် ခရီးသွားပြီး မျောက်ငိုသီး လိုက်စုဖို့ အခက်အခဲ ရှိလာသလို၊ ရတဲ့မျောက်ငိုသီးတွေလည်း ဘယ်ပို့ရမယ် မှန်း မသိရတော့ဘူး။ မီဇိုရမ် ပြည်နယ် ကို ပို့ခဲ့ပေမယ့်ဝယ်လိုအားနည်းတော့ ပစ္စည်းများရင် စွန့်ပစ်ရတဲ့ အထိ ဖြစ်တတ်တယ်” လို့ မျောက်ငိုသီး စုဆောင်းဝယ်ရောင်း လုပ်သူ ကိုယ်စားလှယ် တစ်ဦး က ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခ မဖြစ်ပွားခင် ကာလ က အပင်ကောင်း တဲ့ မျောက်ငို တစ်ပင် ကနေ ကျပ် ၅သိန်းထိ ဝင်ငွေရတာမျိုး ရှိခဲ့ပါတယ်။ မျောက်ငိုကို တစိုက်မတ်မတ် စိုက်ပျိုးတဲ့ တောင်သူတွေ အနေနဲ့
တစ်နှစ်ကို ကျပ် ၃ သန်း လောက်ထိ ဝင်ငွေရခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီ၊ မျောက်ငိုသီး ခူးတဲ့ကာလမှာတော့ အိန္ဒိယနယ်စပ်မှာ အသီး တစ်တောင့် ကျပ်၁၅၀နဲ့ ဝယ်ယူတာမျိုး ရှိပေမယ့် နယ်စပ်နဲ့ ဝေးကွာတဲ့ ဒေသတွေမှာတော့ ဝယ်ယူ စုဆောင်းတာမျိုးမရှိတော့ပါဘူး။ မျောက်ငိုပင် စိုက်ပျိုးမှု များပြားလာတဲ့ ကလေးလွင်ပြင် ဒေသမှာဆိုရင် ဝယ်ယူမှုမရှိသလောက် ဖြစ်ခဲ့ရ ပါတယ်။

“၂၀၂၁ နှစ် မတိုင်ခင် ကတည်းက မျောက်ငိုသီး တစ်ထောင့် က ကျပ် ၁၅၀ ရှိတာ၊ အခုချိန် ကျပ် ၁၅၀ ဆိုတော့ ဈေး အတော်ကျတယ် လို့ ပြောရမှာ ပဲ။ ငွေလဲနှုန်းက လေးဆ လောက် တက်တဲ့ အချိန်မျောက်ငိုဈေးက အရင် အတိုင်း ဆိုတော့ လေးဆလောက် ဈေးကျ တယ်လို့ ပြောရမှာပဲ” လို့မျောက်ငိုစိုက် တောင်သူတစ်ဦးက သုံးသပ် ပါတယ်။

ခေတ်ပျက်ကြားက ဈေးကောင်းရတဲ့ ထောပတ်

ထောပတ်သီး ခူးချိန်ဟာ မျောက်ငိုသီး ခူးချိန်နဲ့ ရာသီတူပါတယ်။ နယ်စပ် ကုန်သွယ်ရေး အဆင်ပြေတဲ့မီဇိုရမ် ပြည်နယ်ဘက်မှာ ဝယ်လိုအား များတဲ့ အတွက် ပြီးခဲ့တဲ့နှစ်က ထောပတ် ခူး ရာသီမှာ ဈေးကောင်း
ရခဲ့ ပါတယ်။ ပိဿာချိန် ၃၀ လောက်ဆန့်တဲ့ ထောပတ်သီး တအိတ်ကို ကျပ် တစ်သိန်း ဝန်းကျင်နဲ့ဝယ်လက်တွေက ဝယ်ယူ စုဆောင်းကြတယ်။

အသီးကောင်းတဲ့ ထောပတ်ပင် တစ်ပင် က အသီးအလုံးရေ အနည်းဆုံး သုံးအိတ်စာလောက်အထိ သီးတတ်ပါတယ်။ ဒေသခံ တောင်သူတွေ အတွက်တော့ နယ်စပ်က မီဇိုရမ် ပြည်နယ်ဘက်မှာအရောင်းအဝယ်ရှိ ပေမယ် မြန်မာပြည်တွင်းကိုတော့ လမ်းပန်း ဆက်သွယ်ရေး အခြေအနေကြောင့်ထိုးဖောက်နိုင်ဖို့ ခက်ခဲ ခဲ့ပါတယ်။

ချင်းတောင်မှာ နှစ်ရှည်ပင် မျိုးစုံ စိုက်ပျိုးတဲ့ တောင်သူတစ်ဦး ကတော့ “၂၀၂၄-၂၅ ဆောင်းတွင်းကာလ ထောပတ်သီး ခူးတဲ့ ရာသီမှာတော့ တခြား သီးနှံ တွေနဲ့ ယှဉ်ရင် ဈေးကောင်း ရတယ် လို့ပြောနိုင်ပါတယ်။ တစ်နှစ်လုံး နီးပါး အတွင်း ဈေးကောင်းရတဲ့ စိုက်ပျိုး သီးနှံ လို့ ပြောရမှာပါ။” လို့ဆိုပါတယ်။

ဝယ်လက်တွေက ရွာတွေ အထိ ကားနဲ့ ဆင်းပြီး ဝယ်ယူ စုဆောင်းခဲ့ကြတဲ့အတွက် စိုက်ပျိုးတောင်သူတွေသယ်ယူစရိတ် မကုန်ခဲ့ကြပါဘူး။

“အပင်ကောင်းအောင် ပြုစု ရုံပဲ။ ချင်းတောင် ရာသီဥတုနဲ့ မြေအနေအထား အရ ထောပတ်ပင် ဟာပြုစုရ လွယ်ကူတဲ့ သီးပင်ပါ” လို့ တောင်သူက ချင်းတောင် ထောပတ်သီး အခြေအနေကို ရှင်းပြ ပါတယ်။

ပြည်တွင်း ဈေးကွက် ရဖို့ ရုန်းနေတဲ့ စိုက်ပျိုးထုတ်ကုန်

ကော်ဖီ စိုက်ပျိုးမှုကတော့ ချင်းပြည်နယ် မြောက်ပိုင်း ဒေသ တချို့မှာ ပြန်လည် အစပြု လာကြ ပေမယ့်လက်ရှိ အချိန်မှာ အပင် မရင့်သေးတာကြောင့် ကောင်းကောင်း မသီးနိုင်သေးတာမျိုး ရှိနေတယ်လို့
ကော်ဖီစိုက် တောင်သူ တစ်ဦးထံဆီက သိရပါတယ်။

ကော်ဖီစေ့ တစ်ပိဿာ က ဒေသအတွင်းမှာ ကျပ် ၁၅၀၀၀ ရှိပြီး ကိုယ်တိုင် ကော်ဖီမှုန့် ပြုလုပ်ပါက ၇၀ဂရမ် ရှိတဲ့ အထုပ် ၁၀ ထုပ်ရကာ၊ တစ်ထုပ်ကို ကျပ် ၃၀၀၀ ဈေးရပါတယ်။ ဒါကြောင့် တောင်သူတွေအနေနဲ့ ကော်ဖီစေ့ကို ကုန်ကြမ်း အဖြစ် မရောင်းတော့ဘဲ ကိုယ်တိုင် ကော်ဖီမှုန့် ပြုလုပ် ရောင်းချမှုလုပ်ကြတာ များလာပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ ချင်းပြည်နယ် ကနေ ကော်ဖီစေ့ ပိဿာချိန် ၁၂၀၀ လောက် ထွက်ရှိမယ်လို့ချင်းတောင်မှာ ကော်ဖီ စိုက်ပျိုးထားတဲ့ တောင်သူတွေက ခန့်မှန်း ထားခဲ့ကြပါတယ်။ချင်းတောင်ရဲ့ အမြင့်၊ ရာသီဥတုနဲ့ မြေအနေအထားတွေက ကော်ဖီပင် စိုက်လို့ ကောင်းနိုင်ပြီးလက်ရှိစိုက်ပျိုး ထုတ်လုပ်မှုကလည်း တွင်တွင်ကျယ်ကျယ်မဖြစ်သေးပါဘူး။

“ကော်ဖီက ကုန်စိမ်း ပုံစံ မဟုတ်ဘူး။ ကုန်ခြောက် ပုံစံ ဖြစ်တယ်။ ဆိုတော့ ကော်ဖီကနေ လက်ရှိ ဝင်ငွေကောင်းကောင်း မရနိုင်ကြသေး ပေမယ့် ချင်းတောင် စိုက်ပျိုးရေး ရဲ့ အလားအလာ ကောင်းတဲ့ အနာဂတ်တစ်ခု လို့ ပြောချင်တယ်” လို့ ကော်ဖီပင် စိုက်ပျိုးခဲ့သူ လူငယ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်မှာ ဝဥ စိုက်ခင်း ဧက၁၂၀၀၀ ရှိတယ်လို့ မတ်လက ပြောပါတယ်။ဟားခါးနဲ့ မတူပီမြို့နယ် နှစ်ခုတည်းကတင် တနှစ်မှာ ဝဥ လွှာခြောက် ပိဿာချိန် ၅ သောင်းခန့် ထုတ်လုပ်နိုင်ခဲ့တယ်လို့လည်း သူက ပြောခဲ့ပါတယ်။ ဒါက ချင်းပြည်နယ်ရဲ့ နှစ်ရှည်၊ နှစ်တို အပင်တွေထဲမှာ ဝဥစိုက်ပျိုးမှုဟာ အများဆုံးပဲလို့ ပြောနိုင်ပါတယ်။

ဝဥကို ရွေ့ပြောင်းတောင်ယာ အစား စိုက်ပျိုးသူ များပြား လာသလို၊ အလေ့ကျ ပေါက်ပင်တွေကို ရှာဖွေတူးဖော်သူတွေလည်း ရှိနေဆဲ ဖြစ်တယ်လို့ ဝဥစိုက် တောင်သူတွေဆီက သိရပါတယ်။ မိုးနှောင်းပိုင်း
ကနေ စတင်ပြီး ပွင့်လင်းရာသီ တလျှောက် တူးဖော်ကြကာ ဝဥလွှာခြောက် ပြုလုပ်ကြပါတယ်။

လက်ရှိမှာ ကုန်ချော အဆင့်ထိ မထုတ်လုပ် နိုင်သေးတဲ့ အတွက် ကလေးနဲ့ ပခုက္ကူမြို့ ရှိ အဝယ်ဒိုင်တွေကိုပို့ဆောင် ရောင်းချ ခဲ့ရကြောင်းချင်းပြည်နယ် ဒေသ အသီးသီးက ဝဥ စိုက်တောင်သူတွေရဲ့ ပြောပြချက်
အရ သိရပါတယ်။

မနှစ်က တစ်ပိဿာကို ကျပ် တစ်သောင်းခွဲနဲ့ နှစ်သောင်းကြား ဈေးရခဲ့ တဲ့ ဝဥလွှာခြောက်ဟာ ယခုနှစ်ပွင့်လင်း ရာသီကာလ မှာ ကျပ် တစ်သောင်း ဝန်းကျင်သာ ရှိခဲ့ပါတယ်။ ငွေကြေး ဖောင်းပွနှုန်းနဲ့တွက်ကြည့်မည် ဆိုပါက အတော်လေး ဈေးကျလာတာပါ။ အခုလို ဈေးမရတဲ့ အကြောင်းရင်းကမန္တလေး ပို့ဖို့ လမ်းပန်း ဆက်သွယ်ရေး အခြေအနေ အခက်အခဲကြောင့်လို့ သိရပါတယ်။

စစ်ရေးလွတ်တဲ့ ဒေသတွေမှာတော့ ဈေးကျတဲ့ကြားက စားနပ် ရိက္ခာ ဖြည့်ဖို့ ဖော်ရောင်းခဲ့ကြတယ်။တောင်သူအများစုကတော့ မန္တလေး ငလျင် ဖြစ်ပြီး နောက်ပိုင်းမှာ အခြေအနေ အရပ်ရပ်ပြန်နာလန်ထူမယ့် အချိန်ကို စောင့်ရင်း မဖော်သေးဘဲ မြေထဲမှ ဥထားကြပါတယ်။

“တောင်ယာသွားရင်း မိုင်းထိတဲ့ အထဲမှာ ဝဥစိုက် တောင်သူတွေ အများဆုံး ပဲ။ ဂိတ်ကြေးတွေများပြီးမသေချာတဲ့ လမ်းပန်း ဆက်သွယ်ရေးကလည်း တောင်သူတွေကို အတော် ထိခိုက် စေတယ်။ မန္တလေးငလျင် ထပ် ဖြစ်တော့ ဝဥ နဲ့ ပတ်သက်တဲ့ ချင်းတောင်ရဲ့ စိုက်ပျိုးရေး အခြေခံ စီးပွားရေးလည်းပျက်မတတ် ဖြစ်ခဲ့ရပြီ” လို့ ဝဥစိုက် တောင်သူ တစ်ဦး က ပြောပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဥ် UNDP ရဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရအလယ်အလတ် ဝင်ငွေ ရရှိနိုင်မှု အနည်းဆုံး ပြည်နယ်စာရင်းမှာ ချင်းပြည်နယ်က ၆၃% နဲ့ ဒုတိယနေရာမှာ ရှိပါတယ်။ တစ်ဦးချင်း လစဉ် ပျဉ်းမျှ ဝင်ငွေကလည်း ကျပ် ၄ သောင်းသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် International Food Policy Research Institute (IFPRI), Myanmar ရဲ့ ၂၀၂၁-၂၄ ကာလမြန်မာနိုင်ငံရဲ့ ဝမ်းစာ နဲ့ အဟာရ ဖူလုံမှုအစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ် မေနဲ့ ဇူလိုင်လ ကြားမှာ ချင်းပြည်နယ်
လူဦးရေရဲ့ ၁၄.၄% က ပြင်းထန်တဲ့ ဝမ်းစာ မဖူလုံမှုကို ကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံမှာ ဆာလောင်မှုအမြင့်ဆုံး ဒေသ ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာ မဖူလုံမှုက ချင်းပြည်နယ်တစ်ခုတည်း ရင်ဆိုင်နေရတာတော့ မဟုတ်ပါဘူး။ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၄ ခုနှစ် ဇွန်လမှာ ထုတ်ပြန်တဲ့ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာအရမြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ အိမ်ထောင်စုတွေရဲ့ ၄၀ % ကျော်ဟာ စားနပ်ရိက္ခာအလုံအလောက် မရှိမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်မှာ တော်လှန်ရေးတပ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ် တို့ရဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းက ဒေသအသီးသီးနဲ့ အိမ်နီးချင်း နိုင်ငံတွေကို စစ်ဘေးရှောင်ခဲ့ကြလို့ ချင်းပြည်နယ်ရဲ့ လူဦးရေက ထက်ဝက်နီးပါးလျော့သွားပါပြီ။

ဈေးကွက် မပျောက်တဲ့ ချင်းပြည်နယ်က တားမြစ်သီးနှံ

ယခုနှစ် မျိုးကြဲကာလအတွက် တောင်ယာ စိုက်ပျိုးမှု အခြေအနေ ကို တောင်သူ တစ်ဦးက “လက်ရှိကြုံရတဲ့ အခြေအနေ အရ ဈေးကောင်း ရ ဖို့ ထက် ဝမ်းရေးလှ ဖို့ ပို အရေးကြီးလာတယ်။လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လို့ ရိက္ခာ ပြတ်လပ်တာမျိုး မကြုံရအောင် ပြင်ဆင်တာမျိုးပိုလုပ်ဖို့ လိုအပ် လာလို့ပါ” လို့ ပြောပါတယ်။

ဒါကြောင့် ဈေးကွက် ရှိတဲ့ သီးနှံမျိုး စိုက်တာထက် ဝမ်းစာ အဖြစ် အသုံးပြုလို့ရမယ့် ပြောင်းဖူး၊ ပိန်းဥ၊ကန်းစွန်းဥနဲ့ အာလူး စတာတွေကိုပဲ စိုက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

ချင်းတောင်မှာ ဈေးကွက်ပျောက်တဲ့ သီးနှံ့တွေ အများအပြားရှိနေပေမယ့် ဈေးကွက် မပျောက်တဲ့အပြင်ပိုထွန်းကားလာတဲ့ စိုက်ပျိုးကုန်လည်း ရှိနေပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှု အစီရင်ခံစာအရ ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ခင်း ၈၃၂ ဟတ်တာ (၂၀၅၅ ဧက)ရှိတယ် လို့ တွက်ချက်ခန့်မှန်း ထားပါတယ်။

ယင်း အစီရင်ခံစာမှာ ချင်းပြည်နယ်က ဘိန်းစိမ်း မက်ထရစ် တန်ချိန် ၁၈ ခန့် ( ပိဿာ အနေနဲ့ ၁၁,၁၁၁ပိဿာခန့်) ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘိန်းစိမ်း တစ်ပိဿာဟာ ကျပ် ၂၁ သိန်းခန့် ပေါက်ဈေး ရှိကြောင်း UNODC မှ ခန့်မှန်းတွက်ချက်ထားပေမယ့် Chin World Mediaသတင်း အရင်းအမြစ်တွေရဲ့ ပြောပြချက်အရ ချင်းတောင်မှာတင် ဘိန်းစိမ်း တစ်ပိဿာ ကျပ် သိန်း ၇၀
ဈေးပေါက် နေတယ်လို့ သိရပါတယ်။

UNODC ရဲ့ အစီရင်ခံစာ အရ ချင်းတောင်မှာ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၂၃ ခုနှစ် ထက် ၂၀၂၄ ခုနှစ်မှာ ၁၈%ပိုမို များပြား လာပါပြီ။

ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ဂိတ်ကြေးတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ သဘာဝဘေး အန္တရာယ်စတာ တွေကြောင့် စိုက်ပျိုး သီးနှံတွေရဲ့ ဈေးကွက် ပျောက်တဲ့ဒဏ်က ချင်းပြည်နယ်ရှိ တောင်သူတွေကိုတားမြစ် သီးနှံတွေ ရွေးချယ်စိုက်ပျိုးလာဖို့ တွန်းအားတစ်ခု ဖြစ်လာနိုင်မလား၊ ဒီအချက်က စိုးရိမ်သင့်တဲ့အကြောင်းအရာပဲ ဖြစ်ပါတယ်။

ကိုဇံ(ချင်းတောင်)

Leave a Reply

Your email address will not be published. Required fields are marked *