Headlines

ဇိုမီး အမျိုးသားပါတီကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်တယ်လို့ ကြေညာ

ဇွန်လ ၂၅ ရက်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားတဲ့ ဇိုမီးအမျိုးသားပါတီ(Zomi National Party) ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွှတ်သည်ကို စိစစ်တွေ့ရှိတာကြောင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီကနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ အဖွဲ့ ၂၇ ဖွဲ့ရှိပြီး ယင်းသို့ လျှောက်ထားသည့် အဖွဲ့ များနဲ့ ဇိုမီးအမျိုးသားပါတီ နှင့် ပအိုးဝ်အမျိုးသား ညီညွှတ်ရေးပါတီတို့ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ကြောင်း စိစစ်တွေ့ရတာကြောင့် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပါတီတည်ထောင်ခွင့်ရရှိတဲ့ ဇိုမီးအမျိုးသားပါတီသည် ခွင့််ပြုချက်ရရှိတဲ့နေ့ကစလို့ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နဲ့အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားရမှာဖြစ်ပြီး ယနေ့အထိ ပါတီတည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၉ ပါတီ ရှိပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

ဇိုမီးအမျိုးသားပါတီဟာ ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ၂၀၂၅၊ ဧပြီလ ၃၀ ရက်နေ့က လျှောက်ထားခဲ့တာလည်းဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ် နဲ့ နောက်နှစ်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်၊ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ချင်းပြည်နယ် ကိုယ်စားပြုပြီး မှတ်ပုံတင်ရရှိပြီး ဖြစ်တဲ့ ခူမီးအမျိုးသားပါတီ နှင့် ပါတီတည်ထောင်ခွင့်ရထားပြီ ဖြစ်တဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ အခုပါတီတည်ထောင်ခွင့် လျှောက်ထားချက် ခွင့်ပြုလိုက်ပြီးဖြစ်တဲ့ ဇိုမီးအမျိုးသားပါတီတို့က ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *