
ဇွန်လ ၁၉ ရက်။
ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေးအတွက် ဘုံရန်သူကို ပထမဦးစားပေး တော်လှန်တိုက်ပွဲဆင်ကြရန်နှင့် ချင်းပြည်အတွင်းရှိ နယ်မြေဒေသ၊ မျိုးနွယ်စု အရေးတွေကို တော်လှန်ရေးကာလအလွန်မှာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြဖို့ Chinland Council အဖွဲ့ဝင်တွေဖြစ်တဲ့ ချင်းနွေဦးတော်လှန်ရေးမျိုးနွယ်စုလက်နက်ကိုင် ၁၈ ဖွဲ့က ပူးတွဲပြီး ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး စည်းလုံးညီညွှတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တော်လှန်တိုက်ထုတ်ရန်၊ မိမိတို့ချင်းလူမျိုးနှင့် ပိုင်နက်နယ်မြေတွေကို ခုခံကာကွယ်စောင့်ရှောက်ကြရန်နဲ့ မိမိတို့ (၁၈) ဖွဲ့အနေဖြင့် ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းပြည်သူလူထုနဲ့အတူ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ရန်လည်း အဆင်သင့်ရှိတယ်လို့ ပူးတွဲထုတ်ပြန်ထားပါတယ်။
လက်ရှိချင်းပြည်အတွင်း ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား မကြာခဏ အချင်းချင်းပွတ်တိုက်မှုဖြစ်တာ အငြင်းပွားမှုတွေကို လက်နက်ဖြင့် ဖြေရှင်းအဖြေရှာဖို့ ကြိုးပမ်းတာ လက်နက်နက်ကိုင်အဖွ့ဲအစည်းတွေနဲ့ ပြည်သူအကြား စည်းလုံးညီညွှတ်မှု အားနည်းလာခြင်းတို့သည် ပြည်သူ့တော်လှန်ရေး ခရီးကို နှောင့်နှေးမှေးမှိန်သွားစေနိုင်တဲ့အပြင် မိမိတို့ ချင်းလူမျိုးတွေရဲ့ တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ကို ကျဆုံးသွားနိုင်ကြောင်းကိုလည်း အလေးအနက် ဖော်ပြချင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ မိမိတို့နယ်မြေ လူမျိုး ကာကွယ်ရန် နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းပြည်တည်ဆောက်ရေးတို့အတွက် ပေါက်ဖွားလာတဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေ အားလုံးကို လေးစားဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။
ချင်းနွေဦးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ (၁၈) ဖွဲ့ဖြစ်တဲ့ Zotung Federal Council / CDF Zotung ၊ CDF – Matupi ၊ CDF – Kalay – Gabaw – Gangaw ၊ CDF – Hakha Central Council / CDF – Thangtlang / Lautu Region People Administration ( CDF – Lautu) / Zopheiram Council (CDF – Zophei ) / Maraland Council ( CDF – Mara)/ Paletwa Council (CDF – Paletwa)/ Mindat Council / Senthang Central Council / SRF / Tedim Township Council (PDA) / Thado Council (CDF –Thado) / Tonzang Township Council (CDF – Tonzang ) / Siyin Regional Council ( CDF – Siyin ) / Kanpetlet Council / CDF – Zanniatram/ CDF – Hualngoramတို့က ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
