Headlines

ချင်းလူမှုအသိုင်းအဝိုင်းအတွင်း လူမှုကွန်ယက်မီဒီယာအသုံးပြုပြီး ဝါဒဖြန့်ခြင်း၊အမုန်းစကားရေးသားပြောဆိုခြင်းနှင့် ဆိုးကျိုးသက်ရောက်မှုများ

DonBosco


၂၁ ရာစုမှာ လူမှုကွန်ယက်မီဒီယာကို အကျိုးရှိရှိအသုံးပြုပါက လူတစ်ဦးနဲ့တစ်ဦး၊အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ဆက်သွယ်ရေး၊ ချိတ်ဆက်မှု ပိုမိုလွယ်ကူစေခြင်း၊သတင်းအချက်အလက်များ လျှင်မြန်စွာရရှိခြင်း နှင့်ဖြန့်ဝေနိုင်ခြင်း၊ပညာရေးနှင့်ဗဟုသုတတိုးပွားစေခြင်း၊ စီးပွားရေး၊ စျေးကွက်ရှာဖွေရေးအခွင့်အလမ်းများရှိလာခြင်း၊ စိတ်တူကိုယ်တူအသိုက်အဝန်းဖန်တီးနိုင်ခြင်းနှင့်အကျိုးမျှော်မှန်းမှု မရှိသည့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဖျော်ဖြေရေးနှင့်
စိတ်အပန်းဖြေမှုစသည်ဖြင့် လူသားများ အတွက် ကောင်းကျိုးများစွာ ရရှိစေပါသည်။


သို့ပေမယ့် လက်ရှိချင်းလူမှုအသိုင်းအဝိုင်းတွင် လူမှုကွန်ရက်မီဒီယာ(Social Media)၏ အသုံးဝင်မှုကို အသုံးချကာ ချင်းလူမှုအသိုင်းအဝန်းအတွင်းမှာ မငြိမ်မသက်မှုဖြစ်စေရန် လှုံ့ဆော်ခြင်း၊အမုန်းပွားစေခြင်း စသည့် ဆိုးကျိုးများအတွက် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်အသုံးချလာမှုမှာ နဂိုကတည်းက ဘာသာစကား/မျိုးနွယ်စုအလိုက်ကွဲပြားမှုရှိသည့် အုပ်စုများစွာရှိသည့် ချင်းလူမျိုး/ချင်းလူမှုအသိုက်အဝန်း အတွက် အဓိက အန္တရယ်ဖြစ်လာစေပြီးချင်းလူမျိုးများ၏ စည်းလုံးမှုအတွက် အထောက်အကူဖြစ်စေရန်ထက် တစ်ဦးနှင့်တစ်ဦး၊တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား ပို၍ အမြင်စောင်းစရာဖြစ်ရန် အသုံးပြုနေကြသည်ကို များစွာတွေ့နေရသည်။

အထူးသဖြင့် Facebook Social Media မှာ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဝါဒဖြန့်ခြင်း၊အမုန်းစကားပွားစေခြင်းများပိုမိုဖြစ်ပွားလာပြီး လူမှုကွန်ယက်မီဒီယာ(Social Media)ကို အသုံးချကာ ချင်းလူမှုအသိုင်းအဝန်းအတွင်းမှာလည်း တူရာအုပ်စုအလိုက် မငြိမ်မသက်မှုဖြစ်စေခြင်း၊ လှုံ့ဆော်ခြင်း၊အမုန်းပွားစေခြင်း စသည့် ရေးသားပြောဆိုခြင်း၊စွတ်စွဲသည့် လုပ်ရပ်များ ပိုမိုဖြစ်ပွားလာသည်ကို တွေ့ရပါသည်။

ချင်းပြည်သူများ အချင်းချင်းကြားတွင်လည်းမိမိထောက်ခံသည့်အဖွဲ့အပေါ်မူတည်ပြီး အချင်းချင်း အပြန်အလှန် ပုတ်ခတ်ခြင်း၊ သိက္ခာချခြင်း၊အမုန်းစကားပွားများလာခြင်းများကို တစ်ဦးချင်းအကောင့်များဖြင့်လည်းကောင်း၊ Pageများထောင်၍ လည်းကောင်း၊ Groupများဖွဲ့၍သော်လည်းကောင်းပြုလုပ်လာကြသည်ကိုတွေ့ရသည်။

Facebook Social Media ပေါ်မှာ ဘက်မတူသူ ချင်းလူမျိုးများအကြား တဖက်နဲ့တဖက်အုပ်စုဖွဲ့တိုက်ခိုက်ခြင်းကိုချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား သဘောထားကွဲလွဲမှုပိုများလာချိန် ၂၀၂၄ နှစ်စ Chinland Council နဲ့ Chin Brotherhood ၂ ဖွဲ့ကွဲပြီးချိန်ကစပြီးမြင်ရပြီး Facebook မှာ CCနဲ့CB ကို ထောက်ခံသူ ပြည်တွင်း/ပြည်ပမှာ နေထိုင်သည့် ချင်းလူမျိုးများအကြား အပြင်းအထန်တိုက်ခိုက်မှုများဖြစ်ပွားလာခဲ့သည်မှာ ၁ နှစ် ကျော်ပြီဖြစ်သည်။

မြန်မာတနိုင်ငံလုံးမှာ ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပမှာ နေထိုင်သည့် ချင်းလူမျိုးလူဦးရေမှာ လူ ၁ သန်း ကျော် ဝန်းကျင်သာရှိပြီး Facebook Social Media ပေါ်မှာ တဖက်နဲ့တဖက် အုပ်စုအလိုက် တိုက်ခိုက်မှု ကြောင့် လူဦးရေ နည်းပါးသည့် ချင်းလူမျိုးများအကြား အုပ်စုများစွာကွဲကာ ချင်းအမျိုးသားအကြားစည်းလုံးမှုထိခိုက်ကာတဖက်နဲ့တဖက်အမုန်းပွားမှုများပြင်းထန်လာပါသည် ။

Facebook Social Media ပေါ်မှ ချင်းအချင်းချင်းအမုန်းစကားများရေးသားပြောဆိုခြင်း၊စွတ်စွဲခြင််းများကြောင့် လူဦးရေအရ ချင်းပြည်နယ်မှ မြို့နယ်တမြို့နယ်/မျိုးနွယ်စု ၁ စု လုံးပေါင်းမှ ရန်ကုန်မြို့ရှိ ရပ်ကွက် ၁ ရပ်ကွက်စာ တိုက်တစ်တန်းစာပင် မပြည့်သည့် ချင်းအချင်းချင်းအကြား သတ်မည်/ဖျက်မည် Facebook ပေါ်မှာ ချင်းအချင်းချင်းရေးသားပြောဆိုနေကြခြင်းသည်ဝမ်းနည်းစရာဖြစ်ပါသည်။ လူဦးရေ နည်းပါးသည့် ချင်းလူမျိုးများဖြစ်သည့်အတွက် မည်သို့ ပြသနာဖြစ်စေကာမှု နောက် နောင် ချင်းအသိုင်းအဝိုင်းအတွင်းဆက်နေထိုင်/ဆက်ရှိနေသရွေ့ ပြန်ဆုံဖို့ရှိနိုင်သည့်လူများသာဖြစ်သည်ကိုသတိပြုစေလိုပါသည်။Facebook Social Media မှာ ချင်းအချင်းချင်း ရေးသားပြောဆိုတဲ့ အမုန်းစကားများကြောင့် ချင်းလူမျိုးညီညွတ်ဖို့/စည်းလုံးဖို့အတွက်များစွာထိခိုက်သည်ကိုသတိပြုရန်လိုအပ်ပါသည်။

ထို့ကြောင့် Social Media အသုံးပြုရာတွင် အကောင့်များသည် ယုံကြည်သင့်/မယုံကြည်သင့်ကိုဆန်းစစ်နိုင်စေရန်နှင့် အထူးသဖြင့် လက်ရှိနိုင်ငံရေး မငြိမ်မသက်ဖြစ်နေစဉ်ကာလအတွင်း အများဆုံးတွေ့ရသည့် တစ်ဦးချင်းစီ၏ Social Media အသုံးချမှုနဲ့ ခေါင်းဆောင်များ၊အဖွဲ့အစည်းများမှ နောက်ကွယ်မှ မည်ကဲ့သို့ ပုံစံများဖြင့် လှုံ့ဆော်မှုလုပ်သည်ကိုဆွေးနွေးသွားပါမည်။


(၁) သတင်းတု/သတင်းမှားဖြန့်ဖြူးခြင်း (Disinformation/Misinformation)


တစ်ဖက်သား၊ တစ်ဖက်အဖွဲ့အစည်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် သိက္ခာချရန်နှင့်အများအထင်အမြင် စောင်းစေရန် သတင်းတု နဲ့ အချက်အလက်အမှားများ၊ ပြုပြင်ထားသည့်ဓာတ်ပုံ၊ ဗီဒီယိုများဖြန့်ဝေ ခြင်းတို့ဖြစ်ပါသည်။ ထိုသို့ ဖန်တီးထားသည့်အရာများတွင်တမင်တကာ သတင်းမှန်ကိုထိန်ချန်ထားခြင်း၊အမုန်းပွားစေမည့်နေရာကိုသာကွက်၍တည်းဖြတ်ဖော်ပြခြင်း၊ တစ်ဖက်သား သက္ခာကျစေမည့်မိမိအာဘော်ကိုထည့်သွင်းခြင်းများဖြင့်ပြုလုပ်လေ့ရှိကြသည်။


ထိုကဲ့သို့ တမင်ဖန်တီးထားသည့် သတင်းတု၊ သတင်းမှားများကြောင့် မှားယွင်းသည့် အချက်အလက်များကိုယုံကြည်မှုဖြစ်စေကာ အဖွဲ့အစည်းများအပေါ် မကျေနပ်မှုများ၊ ဒေါသများပိုမိုကြီးထွား လာစေပြီး အချင်းချင်းအပေါ် မယုံကြည်မှုများကိုတိုးပွားစေပါသည်။


၂။ အမုန်းပွားစေသော ဝါဒဖြန့်မှုများ (Hate Propaganda)


အခြားအုပ်စုဝင်များကို လူမျိုးနွယ်စု၊ နိုင်ငံရေး ခံယူချက်များအပေါ် အခြေခံ၍လူသားမဆန်အောင် ပုံဖော်ခြင်း (Dehumanization)၊ အကြမ်းဖက်မှုများ ကျူးလွန်ရန် တိုက်တွန်းနှိုးဆော်ခြင်း သို့မဟုတ် အမုန်းပွားစေသော စကားလုံးများ၊ ရုပ်ပုံများကို ပုံမှန်တင်ခြင်းနည်းလမ်းများကိုအသုံးပြုကြသည်။ အဲဒီအပြင် အမှားအမှန်မစမ်းစစ်ထားသည့်သတင်းအချက် အလက်အမှား၊ ယူဆချက်အမှားများကို သုံးပြီး ကိုယ်နှင့်အမြင်၊ချည်းကပ်ပုံမတူသူတွေကို နိုင်ငံရေး ချောက်ချခြင်း၊ လုံခြုံမှုထိခိုက်အောင် ပြုလုပ်ခြင်း၊ဂုဏ်သိက္ခာနှင့်ပုံရိပ်ကျဆင်းအောင်ပြုလုပ်ခြင်း၊ တစ်ခြားသူများ အမြင်မှားပြီးမုန်းလာအောင်ပြုလုပ် သည့် နည်းလမ်းများကို အသုံးပြုပါသည်။


ထိုကဲ့သို့ လုပ်ရပ်များ၏ အကျိုးဆက်အနေဖြင့် အချင်းချင်းအကြား ကွဲပြားမှုများကိုပိုမိုနက်ရှိုင်းစေပြီး တကယ့်လက်တွေ့ဘ၀တွင် ခွဲခြားဆက်ဆံမှုများနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်လာစေရန် လှုံ့ဆော်စေပါသည်။ အမြင်မတူမှုကိုဆွေးနွေး ဝေဖန်ရာတွင် တာဝန်ယူ/ခံမှု၊ အကြောင်းပြချက် သက်သေ/အချက်အလက်မှန်မှု၊လူ့ဂုဏ်သိက္ခာ လေးစားမှုရှိမှ အမုန်းစကား မဟုတ်ဘဲ အပြုသဘောဆန်ကာ အဓိပ္ပါယ်ရှိသည့်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဖြစ်ပါမည်။


၃။ Echo Chambers နှင့် Filter Bubbles ဖြစ်ပေါ်ခြင်း


Echo Chamber သည် မိမိတို့နှင့် အမြင်တူညီသူများ၊ ယုံကြည်ချက်တူညီသူများနှင့်သာအဓိကဆက်သွယ်ပြောဆိုသည့် အုပ်စုဖွဲ့ခြင်း၊ Friend ထားခြင်းမျိုးဖြစ်သည်။ သုံးစွဲသူက မိမိနှင့်အမြင်တူတွေကိုသာ တမင်တကာရှာဖွေပေါင်းသင်းခြင်း၊ မိမိနှင့်အမြင်မတူသူများကို Unfollowလုပ်ခြင်း၊ Block လုပ်ခြင်း (သို့) အမြင်မတူသည့်အကြောင်းအရာများကိုရှောင်ရှားခြင်းတို့ကြောင့် Echo Chamber ဖြစ်ပေါ်လာပါသည်။ ဥပမာ- အဖွဲ့အစည်းတစ်ခုကိုထောက်ခံသည့် Facebook Group တစ်ခုအတွင်း အဆိုပါ အဖွဲ့ကို ထောက်ခံသည့် သတင်းများ၊အမြင်များတွေကိုပဲ လူတိုင်းကမျှဝေကာ အချင်းချင်းထောက်ခံကြပြီး အဆိုပါ Group ထဲ၌အမြင်မတူသူ မည်သူမျှ ဝင်ရောက် ဆွေးနွေးခွင့်ပင်မရှိသလောက်ဖြစ်စေခြင်းမျိုးဖြစ်သည်။


၎င်းကြောင့် အမြင်မတူသူများနှင့် ထိတွေ့ မှုနည်းလာပြီး၊ မိမိအုပ်စု၏ အမြင်များကိုသာအဆင့်ဆင့် အားဖြည့်ပေးသော Echo Chambers နှင့် အုပ်စုတူများသာ သန့်သန့်ဖြစ်စေလာသည့်Filter Bubbles အတွင်းသို့ ရောက်ရှိသွားစေသည်။ ရလဒ်အနေနဲ့ဖြင့် အုပ်စုအတွင်းမှာအမြင်များ၊ ယုံကြည်ချက်များ ပဲ့တင်ထပ်ပြီး ပိုမိုခိုင်မာလာစေသည်။ မတူညီသည့် အမြင်များဝင်ရောက်လာလျှင်လည်း အုပ်စု၏ အမြင် သိပ်မပြောင်းလဲဘဲ၊ ဝင်လာသည့် အမြင်ကိုပယ်ချခြင်း၊ လှောင်ပြောင်ခြင်းမျိုးဖြစ်လာကာ “သူ့ဖက်၊ ကိုယ့်ဖက်” ဆိုသည့် အနေအထားမှခံယူချက်တစ်ခုအဖြစ်ပြောင်းလဲလာသည်။


အကျိုးဆက်အနေဖြင့် မိမိအမြင်သာ မှန်ကန်သည်ဟု တစ်ဖက်သတ်ယုံကြည်လာပြီးအခြားအမြင် များကို လက်မခံနိုင်တော့ခြင်း၊ အပြန်အလှန်နားလည်မှု၊ ဆွေးနွေးမှု၊ ညှိနှိုင်းမှုများပြုလုပ်ရန် ခက်ခဲလာစေခြင်းတို့ဖြစ်ပေါ်စေပါသည်။


၄။ စိတ်ခံစားမှုများကို လှုံ့ဆော်ခြင်း (Emotional Manipulation)


ကြောက်ရွံ့မှု၊ ဒေါသ၊ မကျေနပ်မှု စသည့် ပြင်းထန်သော စိတ်ခံစားမှုများကို နှိုးဆွပေးနိုင်သည့်လူ့ဂုဏ်သိက္ခာနှင့် တစ်ဖက်သား၏ နစ်နာမှုမျိုးကို ထည့်သွင်းမစဉ်းစားပဲရုပ်ပျက်စင်းပျက်ပုံများ၊ ဗီဒီယိုများ၊ ပြင်းထန်ညစ်ညမ်းသည့် စာသားများဖြန့်ဝေခြင်းမျိုးကိုဆိုလိုသည်။ ၎င်းတို့သည် အမှန်တရားကို ကောင်းစွာမစိစစ်နိုင်ခင် ပရိသတ်၏
စိတ်ခံစားမှုကို လှုံ့ဆော်ပြီး မျှဝေခြင်း (Share) များ ပြုလုပ်စေသည်။ အကျိုးဆက်အနေဖြင့်အကြောင်းအရာများကို ကျိုးကြောင်းဆင်ခြင်ခြင်းမရှိဘဲ စိတ်ခံစားမှုဖြင့်သာ တုံ့ပြန်တတ်သောလူမှုပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေသည်။


၅။ အမည်ဝှက်/အမည်ရင်းမပေါ်စေဘဲ ပြုလုပ်ခြင်း (Anonymity/Pseudonymity)


Social Media ပလက်ဖောင်းအချို့တွင် အမည်ရင်းမဖော်ဘဲ သို့မဟုတ် အမည်ဝှက်ဖြင့်အမုန်းစကားများ၊ သတင်းမှားများကို လွတ်လပ်စွာ ဖြန့်ဝေနိုင်ခြင်းမျိုးဖြစ်သည်။ ထိုသို့တာဝန်ခံမှု၊ တာဝန်ယူမှုမရှိခြင်းကြောင့် အမုန်းစကားဖြန့်ဝေသူများအနေဖြင့်လည်း ပိုမိုရဲရင့်စွာတစ်ဆင့်ဖြန့်ဝေပြီး အချက်အလက်အမှားအပေါ် ထိန်းချုပ်ရန် ခက်ခဲစေသည်။


၆။ ထရိုးလ်များ အသုံးပြုခြင်း (Troll Farms)

ရည်ရွယ်ချက်ရှိရှိနှင့် ဦးတည်ချက်တစ်ခုတည်းဖြင့် အချက်အလက်မှားများ၊အမုန်းစကားများကို ထပ်တလဲလဲ ဖြန့်ဝေခြင်း အချို့မှာမိတ်ဆွေအချင်းချင်းကိုသော်လည်းကောင်း၊ လူငှား၍ပင်လည်း ကောင်းပြုလုပ်ကြသည်။အကျိုးဆက်အနေဖြင့် အမုန်းစကားများနှင့် သတင်းမှားများ၏ ပျံ့နှံ့မှုကို အဆပေါင်းများစွာတိုးမြှင့်စေပြီး လူအများစု ထိုအကြောင်းအရာများကို မှန်ကန်သည်ဟု ထင်မြင်လာအောင်လှုံ့ဆော် နိုင်သည်။


ခေါင်းဆောင်များ (သို့) အဖွဲ့အစည်းအလိုက် လုပ်ဆောင်လေ့ရှိသည့် Social Media Platform


၁။ အခကြေးငွေရယူသည့် ဝါဒဖြန့်သူများ (Paid Trolls/Influencers) အသုံးပြုခြင်း:ခေါင်းဆောင်များ/အဖွဲ့အစည်းများသည် ငွေကြေးပေး၍ ဝါဒဖြန့်ပေးမည့်သူများ (သို့မဟုတ်)social media တွင် Follower များပြားသောသူများကို အခကြေးငွေပေး ငှားရမ်းလေ့ရှိသည်။ထိုသူများသည် အမည်ဝှက်များ၊ အကောင့်အတုများဖြင့် ဖြစ်စေ၊ အမည်ရင်းဖြင့်ပင်ဖြစ်စေဝါဒဖြန့်လိုသော အမုန်းစကားများကို ဖြန့်ဝေပေးသည်။ အချို့မှာ အသုံးချခံ၍ခံရမှန်းမသိပဲရောယောင်ပါသွားကြသည်။


နောက်ကွယ်က ထိန်းချုပ်ပုံ: ၎င်းတို့အား မည်သည့်အကြောင်းအရာများကိုမည်သို့ရေးသားရမည်၊ မည်သည့် Hashtag များကို အသုံးပြုရမည် စသည်တို့ကို တိကျသောလမ်းညွှန်ချက်များ ပေးထားသည်။


၂။ အတုအယောင် သတင်းမီဒီယာများ/အဖွဲ့အစည်းများ ဖန်တီးခြင်း


အမှန်တကယ် လွတ်လပ်သော မီဒီယာ သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်းများကဲ့သို့ပုံစံယူထားသော ဝက်ဘ်ဆိုဒ်များ၊ Facebook Page များ၊ Telegram Channel များကို ဖန်တီးသည်။ထိုအဖွဲ့ အစည်းများ မှတစ်ဆင့် ၎င်းတို့ ထုတ်လွှင့်လိုသော အမုန်းစကားများဖြစ်စေ၊သတင်းမှားများကို ထုတ်ပြန်စေသည်။နောက်ကွယ်က ထိန်းချုပ်ပုံခေါင်းဆောင်များ (သို့) အဖွဲ့အစည်းက က ၎င်းတို့၏ အဓိကသတင်းရင်းမြစ်ကို ဖုံးကွယ်ထားပြီး၊ ပြင်ပမှ ကြည့်လျှင် သီးခြားအဖွဲ့အစည်းများကရေးသားဖြန့်ဝေနေ သယောင် ပြုလုပ်သည်။


၃။ အကြောင်းအရာများ ကြိုတင်ပြင်ဆင်ပေးခြင်း


အမုန်းစကားများ ပါဝင်သည့် ပိုစတာများ၊ ဗီဒီယိုအတိုများ၊ Meme များ၊ ဆွဲဆောင်မှုရှိသောစာသားများကို ကြိုတင်ပြင်ဆင်ပေးထားပြီး၊ ၎င်းတို့ကို ဖြန့်ဝေမည့်သူများအား ပေးပို့သည်။ထိုသူများသည် ၎င်းတို့ကိုယ်ပိုင် အတွေးအခေါ်ဟု ထင်ရစေရန် သို့မဟုတ် ရိုးရှင်းစွာမျှဝေခြင်းဖြင့် ထိုအကြောင်းအရာများ ပျံ့နှံ့စေသည်။နောက်ကွယ်ကထိန်းချုပ်ပုံ ခေါင်းဆောင်များက မက်ဆေ့ချ်၏ မူလရင်းမြစ်ကိုထိန်းချုပ်ထားပြီး၊ ဖြန့်ဝေသူများအနေဖြင့် ထိုအကြောင်းအရာများ ဖန်တီးရာတွင်ပါဝင်ပတ်သက်မှု မရှိစေရန်ပြုလုပ်သည်။


၄။ စိတ်ခံစားမှုနှင့် အုပ်စုလိုက် စဉ်းစားပုံကို အသုံးချခြင်း (Exploiting Emotions &
Groupthink)


လူတစ်စု၏ ဒေါသ၊ ကြောက်ရွံ့မှု၊ မကျေနပ်မှု စသည့် စိတ်ခံစားမှုများကို သိရှိနားလည်ပြီးထိုခံစားမှုများကို ပိုမိုပြင်းထန်စေမည့် အကြောင်းအရာများကို ဖန်တီးဖြန့်ဝေသည်။ ဥပမာ-ရန်သူဟု သတ်မှတ်ထားသောအုပ်စုကို ပုံဖော်ရာတွင် လူသားမဆန်အောင် ဖော်ပြခြင်း(Dehumanization)၊ ရန်သူဟု သတ်မှတ်ထားသူများ၏ လမ်းစဉ်များမှားယွင်းနေကြောင်းဖော်ပြခြင်းမျိုးဖြစ်သည်။နောက်ကွယ်က ထိန်းချုပ်ပုံ: လူတစ်ဦးချင်းစီ၏ စိတ်ခံစားချက်များကို လေ့လာပြီး ၎င်းတို့အားအမုန်းစကား (သို့) ဝါဒဖြန့်ဝေရာတွင် တက်ကြွစွာပါဝင်စေရန် တွန်းအားပေးသည်။


၅။ ငွေကြေးနှင့် အခြားအရင်းအမြစ်များ ထောက်ပံ့ခြင်း:

မိမိတို့၏ဝါဒနှင့် ပျံ့နှံ့စေလိုသောအကြောင်းအရာများအတွက် အဖွဲ့များကို ငွေကြေး၊လေ့ကျင့်ရေး၊ နည်းပညာအကူအညီများ ပေးခြင်းမျိုးဖြစ်သည်။နောက်ကွယ်က ထိန်းချုပ်ပုံ: တိုက်ရိုက် မညွှန်ကြားဘဲ လိုအပ်သော အထောက်အပံ့များပေးခြင်းဖြင့် အကောင်ပိုင်ရှင်၊ ပေ့ချ်ပိုင်ရှင်များအား ဆက်လက်လုပ်ဆောင်စေရန်
လှုံ့ဆော်သည်။


ဤနည်းလမ်းများဖြင့် ခေါင်းဆောင်များ (သို့) အဖွဲ့များသည် ၎င်းတို့၏ အမည်နာမကိုထုတ်ဖော်ခြင်းမပြုဘဲ၊ သွယ်ဝိုက်သောနည်းလမ်းများဖြင့် social media ပေါ်တွင်အမုန်းစကားများကို ထိထိရောက်ရောက် ပွားများလာစေရန် လုပ်ဆောင်လေ့ရှိပါသည်။


၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ပြိုင်ဘက်အုပ်စုများကို အားနည်းစေရန်၊ပြည်သူလူထုအကြား သဘောထားကွဲလွဲမှုများ တိုးပွားစေ ရန်နှင့် ၎င်းတို့၏နိုင်ငံရေးရည်မှန်းချက်များကို အထောက်အကူပြုစေရန် ဖြစ်ပါသည်။
လက်ရှိပဋိပက္ခဖြစ်နေချိန်တွင် Social Media သည် သတင်းအချက်အလက်များ ရယူရန်နှင့်အချင်းချင်း ဆက်သွယ်ရန် အဓိကနေရာဖြစ်သော်လည်း၊ ယင်းကို အမြင်မတူသောအုပ်စုအချင်းချင်းအကြား အမုန်းစကားများ ဖြန့်ဝေရန်နှင့် ပဋိပက္ခများ တိုးပွားလာစေရန်အလွဲသုံးစားပြုလုပ်နိုင်သည့် အခြေအနေများစွာဖြစ်ပေါ်နေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *