Headlines

ချင်းလူမျိုးအချင်းချင်းအကြား အကြမ်းဖက်မှုကင်းရှင်းစေရေး CYO North America နဲ့ချင်းလူငယ်အဖွဲ့များက တောင်းဆို

ဇွန်လ ၆ ရက်။

ချင်းလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ဖို့နဲ့ အချင်းချင်းကြား အကြမ်းဖက်မှု ကင်းရှင်းစေရေးအတွက် ချင်းခေါင်းဆောင်များအားလုံးနဲ့ လူမှုအသိုင်းအဝိုင်းအားလုံးကို တောင်းဆိုကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် Chin Youth Organization of North America နဲ့ချင်းလူငယ်အဖွဲ့များက တိုက်တွန်းကြောင်း ဇွန်လ ၅ ရက်မှာထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်တွင် ချင်းလူငယ်များဖြစ်ကြတဲ့ မိမိတို့အနေနဲ့ ချင်းလူမျိုးအချင်းချင်းကြား တင်းမာမှုများ တိုးပွားလာခြင်းနဲ့ ပဋိပက္ခဖြစ်နိုင်ခြေရှိသည်ဟူသော နာကျင်ဖွယ်ကောလဟလများ ပျံ့နှံ့နေမှုများ အတွက် စိတ်မကောင်းကြောင်း၊ ချင်းလူမျိုးအချင်းချင်း မည်မျှပင်သဘောထားကွဲလွဲစေကာမှု မိမိတို့လူမျိုးအချင်းချင်းအကြား သွေးထွက်သံယိုဖြစ်စေတဲ့အခြေအနေမျိုးအထိ မည်သည့်အခါမျှ မဖြစ်သင့်ကြောင်း ဖော်ပြပါတယ်။

မြန်မာပြည်တွင်းအခြေစိုက် ချင်းလူငယ်အဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်ဟောင်း နှင့် လက်ရှိအရပ်ဖက်အဖွဲ့အစည်းတစ်ခုတွင် ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးက “ ကျွန်တော်ရဲ့အဖွဲ့အမည်ကိုတော့မဖော်လိုဘူး။ ဒါပေမယ့် အခုလို ထုတ်ပြန်ချက်ကိုမြင်တော့ တစ်ခုတော့ပြောချင်တယ်။ ဒီလိုမျိုး လူငယ်တွေကခေါင်းဆောင်တွေကို တိုက်တွန်းတဲ့ ထုတ်ပြန်ချက်မျိုးထုတ်လာတာမြင်တော့ စိတ်တောင်မကောင်းဘူး။ ချင်းလူကြီးတွေ၊ လက်ရှိ ကဏ္ဍအသီးသီးက ခေါင်းဆောင်တွေအနေနဲ့ ဒါကို လေးလေးနက်နက်စဉ်းစားသင့်တယ်။ လူငယ်အဖွဲ့အစည်းတွေက အချင်းချင်းစည်းလုံးစေချင်တယ်။ အခုလက်နက်တွေကိုင်လာကြတော့ ပိုပြီးတော့ စိုးရိမ်ပူပန်စေတယ်။ အွန်လိုင်းတွေမှာဆိုလည်း အချင်းချင်းပုတ်ခတ်တာတွေများလာတော့ လူငယ်တွေအနေနဲ့ ဘယ်စိတ်ကောင်းမလဲ” လို့ပြောပါတယ်။

သူကဆက်ပြီး “အခုချိန်မှာ လူငယ်တွေရဲ့အခန်းကဏ္ဍကအရမ်းအရေးကြီးတယ်။ ဒါကို လူကြီးတွေနဲ့ခေါင်းဆောင်အချို့က မာန်မာနမလျော့ပဲ ကိုယ်မှန်ကြောင်း၊ သူမှားကြောင်းတွေ လူငယ်တွေကို လက်ဆင့်ကမ်းနေတာမျိုးတွေ ကျတော်တို့တွေ့နေမြင်နေကြားနေရတာလေ။ အားလုံးသိတဲ့အတိုင်း လူကြီးတွေမပြောနဲ့ လူငယ်အချင်းချင်းတွေကြားမှာပါ သွေးကွဲလာတာတွေတွေ့နေရတယ်လေ။ ဒါကျတော်တို့အချင်းချင်းကြားမဖြစ်သင့်ဘူးလေ။ တော်လှန်ရေးချည်းပဲ လုပ်မယ်ဆိုတာမျိုးမဟုတ်ပဲ ဒါကို ကဏ္ဍအသီးသီးက Key Player တွေအနေနဲ့ အနာဂါတ်အတွက် အရာရာ၊ ရှုတောင့်ပေါင်းစုံကနေ ပြန်လည်စဉ်းစားသုံးသပ်ပြီး ဆင်ခြင်သင့်တာတွေဆင်ခြင်ရမယ်။ ကိုယ့်ဟာကိုယ်ပြုပြင်သင့်တာတွေလည်း အနာဂါတ်လူငယ်တွေအတွက် ရှေးရှုပြီး ပြုပြင်နိုင်ရမယ်” လို့ထုတ်ပြန်ချက်အပေါ် သူရဲ့အမြင်ကို သုံးသပ်ပြောဆိုပါတယ်။

လူငယ်များအနေနဲ့ ချင်းလူမျိုးအချင်းချင်းကြား စစ်ပွဲ (သို့) အကြမ်းဖက်မှုစသည့် အယူအဆကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အချင်းချင်းအကြား အာဏာလုပွဲများ (သို့) လူငယ်မျိုးဆက်အထိ အမြင်ရှုတောင့်များ ကွဲပြားစေမှုမျိုးမဖြစ်သင့်ကြောင်း၊ လူကြီးပိုင်းများတွင် သဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း လူငယ်များမှာ ရှေ့သို့ချီတက်ရမည့်လမ်းကြောင်းများ ရှိနေသေးကြောင်း၊ မိမိတို့အနေဖြင့် စည်းလုံးမှုကို တည်ဆောက်ပြီး အပြန်အလှန်လေးစားမှုဖြင့် မျှော်လင့်ချက်ကို အခြေခံတဲ့ အနာဂတ်တစ်ခုကိုတည်ဆောက်ရန်ယုံကြည်ကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့အပြင် မိမိတို့လူငယ်များအနေဖြင့် ခေါင်းဆောင်များအားလုံးနဲ့လူမှုအသိုင်းအဝိုင်းအားလုံးကို တောင်းဆိုချင်သည်မှာ အတွင်းပိုင်းမယုံကြည်မှု (သို့) ကြောက်ရွံ့မှုတို့ဖြင့် လွှမ်းမိုးမှုမျိုးမရှိပဲ မိမိတို့သည် လူမျိုးတစ်မျိုးတည်း ချင်းလူမျိုးများဖြစ်သည်ကို သတိရပြီး ရှေ့ဆက်ရမည့် ရှည်လျားသည့်လမ်းကိုအတူတကွလျှောက်လှမ်းနိုင်မှ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ယခုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပင်လယ်ရပ်ခြားမှနေ၍ အပြစ်တင်ပြောဆိုခြင်းမဟုတ်ပဲ မေတ္တာဖြင့် ပြောဆိုခြင်းဖြစ်သည်ကို ထင်ဟပ်စေခြင်းဖြစ်ကြောင်း၊ အချင်းချင်းအကြားကွဲပြားနေခြင်းထက်တွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်းကို ရွေးချယ်ကြရန် ငြိမ်းချမ်းခြင်းဖြင့် အချင်းချင်းသင့်မြတ်ရေးကို ဦးဆောင်ကြရန်တိုက်တွန်းနှိုးဆော်ထားပါတယ်။

ယခုကဲ့သို့ ထုတ်ပြန်ခြင်းကို အမေရိကန်ပြည်ထောင်စုအခြေစိုက် Chin Youth Organization North America နှင့် ချင်းလူငယ်အဖွဲ့များက ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *