
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်ရဲ့ ခရိုင် ၈ခု ထဲ ပြီးခဲ့တဲ့ မေလမှာ ထည့်သွင်းဖွဲ့စည်းသတ်မှတ်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara မီဒီယာရဲ့ ဇွန်လ ၁၂ ရက် သတင်းမှာဖော်ပြထားတာတွေ့ရပါတယ်။
ရခိုင်ပြည်ကို ဖွဲ့စည်းလိုက်တဲ့ ခရိုင်ရှစ်ခုမှာ ပလက်ဝခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ မောင်တောခရိုင် နဲ့ သံတွဲခရိုင်တို့ဖြစ်ကြ တယ်လို့လည်းဖော်ပြထားတာတွေ့ရပါတယ်။
ဝါရင့်ချင်းနိုင်ငံရေးသမား Salai Kipp က “ငါအင်အားရှိတယ် ငါအင်အားရှိတဲ့အတွက် ငါသိမ်းတယ်ကွာ မင်းတို့ဘာတတ်နိုင်လဲဆိုတာမျိုး သူတို့လည်း အဲ့တာခံခဲ့ရတယ် လေ ဗမာကအင်အားရှိတော့ မင်းတို့ရေနံတွေ ကြိုက်သလိုလုပ်မယ် ငါသုံးချင်သလိုသုံးမယ် မင်းတို့ ရော့အင့် တစ်ပြား/နှစ်ပြားပေးလိုက်တာ ဘယ်လောက်ခံပြင်းဖို့ကောင်းလဲ အဲ့တာ ကိုယ်ကိုတိုင်က အဲလိုဟာမျိုးခံလိုက်ရပြီးတော့ …. ကိုယ်ကအင်အားနည်းနည်းရှိလို့ဆိုပြီး အဲ့တာမျိုး ပြန်လုပ်မယ်ဆိုတာတော့ မသင့်တော်ပါဘူး ” လို့ ပလက်၀နဲ့ပတ်သက်ပြီး Chin World Media နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ဖွဲ့စည်းသတ်မှတ်လိုက်သည့် ခရိုင် ၈ ခုမှာ ပလက်ဝခရိုင်မှာ ပလက်ဝမြို့နယ်၊ မောင်တောခရိုင်မှာ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်၊ စစ်တွေခရိုင်မှာ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ မြောက်ဦးခရိုင်မှာ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားခရိုင်မှာ မင်းပြားမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ ကျောက်ဖြူခရိုင်မှာ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ် ခရိုမှာ တောင်ကုတ်မြို့နယ်၊ မာန်အောင်မြို့နယ်နဲ့ သံတွဲခရိုင်မှာ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်တို့ဖြစ်ကြတယ်လို့လည်း သိရပါတယ်။
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် (AA)က ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ပလက်ဝမြို့နယ်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း ULA/AAက ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။



