Headlines

ကူကီး အမျိုးသမီး အသတ်ခံရမှုအပေါ်  မဏိပူရ်ပြည်နယ်ခရိုင် ၃ ခု မှာ လုပ်ငန်းများ ရပ်ဆိုင်းကာ ဆန္ဒထုတ်ဖော်

ဇွန်လ ၂၁ ရက်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ ဒေသခံ ကူကီး/ဇို/ချင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှုကို ကန့်ကွက်တဲ့အနေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းနှစ်ဖွဲ့ရဲ့တောင်းဆိုမှုအရ  ပြည်နယ်အတွင်းရှိ ခရိုင် (၃) ခုမှာ လူမှုဘ၀နေ့စဉ်လှုပ်ရှားမှုများနဲ့ ပတ်သက်တဲ့ လုပ်ငန်းများကို သောကြာနေ့ကစပြီး ရပ်ဆိုင်းထားလိုက်တယ်လို့ The Mizoram Post က ဒီကနေ့ ဖော်ပြပါတယ်။

မဏိပူရ်ပြည်နယ် Kangpokpi၊ Churachandpur၊ Tengnoupal နဲ့ Chandel ခရိုင်များရှိ ဆိုင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ ဘဏ်များနဲ့ အစိုးရရုံးများပါ ပိတ်ထားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဒေသတည်ငြိမ်ရေး ထိန်းသိမ်းရန် ၎င်းတို့၏ယာဉ်များဖြင့်လှည့်လည် တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရသော်လည်း ပုဂ္ဂလိကယာဉ်များ ပြေးဆွဲခြင်းမရှိဘူးလို့သိရပါတယ်။

ဒေသခံတိုင်းရင်းသားခေါင်းဆောင်များဖိုရမ် (ITLF) က Churachandpuri ခရိုင်Langchingmanbi ရွာသူကြီး၏ ဇနီးဖြစ်သူ Hoikohling သေဆုံးမှုကို ကန့်ကွက်သောအားဖြင့် Churachandpuri ခရိုင်တွင်း အဝင်အထွက်များ အကန့်အသတ်မရှိ ပိတ်ဆို့ရန် တောင်းဆိုထားသလို မျိုးနွယ်စုစည်းလုံးညီညွတ်ရေး ကော်မတီ (CoTU) ကလည်း ဆာဒါတောင်တန်းများနေထိုင်သူများ အနေနဲ့ ဇွန်လ ၂၀ ရက်၊ သောကြာနေ့ ၊ နေ့လည် ၁ နာရီမှစတင်ပြီး Kangpokpi ခရိုင်တွင်း ၂၉ နာရီကြာ ဒေသတွင်းအဝင်အထွက်များကိုပိတ်ဆို့ရန် တောင်းဆိုထားတာဖြစ်ပါတယ်။

ITLF က ဗဟိုအစိုးရကို အသက်အန္တရာယ် ကာကွယ်ရေးအတွက် ခိုင်မာသော ဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သလို CoTU ကလည်း သတ်ဖြတ်မှုအတွက် တာဝန်ရှိသူများကို အရေးယူရန်၊ မျိုးနွယ်စုများ၏ အသက်အန္တရာယ်နှင့် နယ်မြေများကို ကာကွယ်ရန် ဗဟိုအစိုးရထံမှ ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်၊ ကြားခံဇုန် သဘောတူညီချက်များ ထပ်ခါတလဲလဲ ချိုးဖောက်မှုများအပေါ် လွတ်လပ်စွာ စုံစမ်းစစ်ဆေးရန် စတဲ့ အချက်များကို တောင်းဆိုခဲ့ကြပါတယ်။

မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် မှာ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း Langchingmanbi ရွာသူကြီး၏ ဇနီးဖြစ်သူ ကူကီး-ဇိုလူမျိုးအမျိုးသမီး Hoikohling အသက်သေဆုံးခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *