Headlines

ကလေးမြို့မှာ ပျောက်ဆုံးနေတဲ့ ကျောင်းသား ၆ ဦးကို အချိန် တစ်ပတ် ကြာလာတဲ့ အထိ မတွေ့ရှိသေး

ဇွန်လ ၂၆ ရက်။

ဇွန်လ ၁၉ ရက်နေ့ ကနေ စပြီး မိသားစု နဲ့ အဆက်အသွယ် ပြတ်ပြီး ပျောက်ဆုံးနေတဲ့ ကလေးမြို့ အထက (၈)မှ ကျောင်းသား ၆ ဦးကို အချိန်တစ်ပတ်ကျော် ကြာလာသော်လည်း မည်သည့် သတင်း အစအနမျှ ရရှိ နိုင်ခြင်း မရှိ၊မတွေ့ရှိသေးကြောင်း မိသားစုဝင်များ ထံမှ သိရှိရပါတယ်။

မောင်အောင်မြင့်နိုင် (၂၁ နှစ်)၊ မောင်ကောင်းမြင့်နိုင် (၁၇ နှစ်)၊ မောင်ကျော်ဇင်ဖြိုး (၁၅နှစ်)၊ မောင်မားဟုန်(၁၇ နှစ်) နှင့် မောင်ဇော်သူလင်း (၁၅ နှစ်) တို့ဟာ ဇွန်လ ၁၉ ရက်နေ့တွင် လည်းကောင်း၊ မောင် ဘွေထချွ (၁၄နှစ်) ဟာ ဇွန်လ ၂၀ ရက်နေ့တွင် လည်းကောင်း ကလေးမြို့ အထက (၈) ကျောင်းသို့ တက်ရောက်ရန် သွားခဲ့ပြီး နောက်ပိုင်း မိသားစု နဲ့ အဆက်အသွယ် ပြတ် ပြီး ပျောက်ဆုံးခဲ့တာ ဖြစ်တယ် လို့ မိသားစုဝင် တစ်ဦးရဲ့ Facebook မှာရေးသားချက် အရ သိရှိရပါတယ်။

မိသားစုဝင်ရဲ့ ရေးသားချက်အရ မောင်ဘွေထချွ (၁၄ နှစ်)ဟာ ဇွန်လ ၂၀ ရက်နေ့မှာ သူငယ်ချင်းရဲ့ စက်ဘီးဝင်ပေးဖို့  ကျောင်းစောစော သွားမယ်လို့ ဆိုကာ အိမ်ကနေ  ထွက်သွားပြီးနောက်ပိုင်း  မိသားစုဝင်များ နဲ့ ဖုန်း အဆက်အသွယ် ပြတ်ခဲ့ပြီး လက်ရှိ အချိန်ထိ ရှာဖွေ နေသော်လည်း တွေ့ရှိခြင်း မရှိသေးဘူး လို့ သိရပါတယ်။

“ကျွန်တော်တို့ စုံစမ်း နေဆဲ ပါပဲ။ အခုချိန်ထိ ဘာ သတင်း အစအန မှ မရရှိသေးဘူး” လို့ ပျောက်ဆုံးနေတဲ့ ကျောင်းသား မိသားစုဝင် တစ်ဦးက Chin World Media ရဲ့ မေးမြန်းချက်ကို ဖြေကြား ခဲ့ ပါတယ်။

“ကျွန်တော်တို့ စုံစမ်း ခဲ့သလောက်တော့ ပြည်သူ့ စစ်မှုထမ်းဖို့ ဖမ်းကြတဲ့ အထဲမှာ ဒီ ကျောင်းသား ကလေးတွေ မပါဘူး။ အသက် မပြည့်သေးတာရော၊ ကျောင်းသားလည်း ဖြစ်နေတဲ့ အတွက် ကြောင့်ပါ သူတို့တွေ စစ်မှုထမ်းဖို့ ခေါ်လို့ မရသေးဘူး” လို့ လူမှုရေး လှုပ်ရှားသူ ကလေးမြို့ခံ တစ်ဦးက Chin World Media ကို ပြောကြား ခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *