
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရင်း -၃၆၁ က လက်နက်တိုက်မှာ ဇွန်လ ၂ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လက်နက်တိုက်စောင့် တာဝန်ကျသူတစ်ဦးလည်း ဖမ်းဆီးခံရတယ်လို့ ကလေးမြို့ဒေသခံတွေဆီက သိရပါတယ်။
ကလေးမြို့နယ်မြောက်ပိုင်း ကလေး – တမူး ကားလမ်းဘေး ကျီကုန်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း – ၃၆၁ တပ်ရင်းထဲက လက်နက်တိုက်တွေထဲက တစ်ခုဟာ ဇွန်လ ၂ ရက်နေ့မှာ အကုန်ပေါက်ကွဲခဲ့တာဖြစ်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့ဒေသခံတစ်ဦးက “ကျနော်တို့လည်း အဲလိုမျိုးကြားတာဘဲ ဖြစ်သွားတာက ဇွန်လ ၂ ရက်နေ့ကလို့ကြားတယ် ဘာကြောင့်ပေါက်ကွဲတာလဲဆိုတဲ့ သတင်းတော့ အတိအကျမသိရသေးဘူး” လို့ပြောပါတယ်။
ကလေးမြို့နယ်က စစ်ကောင်စီရဲ့ တပ်ရင်း – ၃၆၁ တပ်ရင်းထဲမှာ လက်နက်တိုက်သုံးခု ရှိတဲ့အထဲ ၁ ခုဟာ အကုန်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီး နောက်ပိုင်း စစ်ကောင်စီက လက်နက်ပစ္စည်းတွေကိုလည်းကိုလည်း ကားနဲ့ ရွှေ့ပြောင်းသယ်ယူသွားကြတယ်လို့လည်း သိရပါတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ၊ ခြေလျင်တပ်ရင်း – ၂၈၈ ၊ ၈၉ ၊ လေ့ကျင့်ရေး (၁၀) ၊ စစ်သားစုဆောင်းရေးတပ်၊ ထောက်ပို့တပ်စတဲ့ တပ်ရင်းတွေရှိပြီး ချင်းပြည်နယ်မြောက်ပိုင်းက ချင်းတော်လှန်ရေးတပ်တွေနဲ့ ကလေးနယ်အတွင်းက တော်လှန်ရေးတပ်တွေကို အဓိက တိုက်ခိုက်နေတဲ့ တပ်ရင်းတွေဖြစ်ကြပါတယ်။