
CDF-Tonzang မှ ပြည်သူ့စစ်သင်တန်းတက်ရောက် ဖို့ လူငယ်တွေကို ဆင့်ခေါ် နေပြီး တက်ရောက်ရန် ပျက်ကွက်သူများကို နေအိမ် အရောက် ဖမ်းဆီး ခေါ်ဆောင် တာကြောင့် တွန်းဇံမြို့ နှင့် ပတ်ဝန်းကျင် ရှိ ကျေးရွာများမှ လူငယ်များ အနေဖြင့် ဒေသကို စွန့်ခွာ တိမ်းရှောင် နေရ သူ များပြား နေကြောင်း တိမ်းရှောင်သူ တွန်းဇံဒေသခံလူငယ် တစ်ဦးက Chin World Media ကို ပြောပြပါတယ်။
“ကျွန်တော်တို့ က တွန်းဇံမြို့မှာ ပြုလုပ်တဲ့ ပြည်သူစစ် သင်တန်း ပထမ အဖွဲ့ မှာ ပါတယ်။ အသက် ၁၈နှစ် နှင့် ၃၅ နှစ်ကြားလို့ သတ်မှတ်တယ် လို့ ပြောတယ်။ ၁၀ ရက် တာ သင်တန်း တက်ရောက်ရတယ်။ သင်တန်းက ဧပြီလ ၁၉ ရက်နေ့မှာ ပြီးသွားတယ်။ အုပ်ချုပ်ရေးမှူး က ရက်ပြည့်အောင် သင်တန်း တက်ပေးကြဖို့ တောင်းပန် တော့ ရက်ပြည့်အောင် တက်ခဲ့ရ ပါတယ်။ အယောက် ၁၅၀ ခန့် ရှိတယ်။ တချို့က သင်တန်း ကာလ အတွင်းမှာတင် ထွက်ပြေးခဲ့တယ်။ ကျွန်တော်ကတော့ သင်တန်း ပြီးတာ နဲ့ တခါတည်း ထွက်ပြေး လိုက်တာ ပါ။ အခုလည်း မေလ ၁၀ ရက်နေ့မှာ ဒုတိယမြောက် ပြည်သူ့စစ် သင်တန်း ထပ်လုပ်တယ်။ တွန်းဇံက နေ လူငယ်တွေ က နေ့စဉ် နီးပါး တိမ်းရှောင်လာ ကြတယ်” လို့ ပြည်သူစစ် တာဝန် မှ တိမ်းရှောင်လာသူ တွန်းဇံ ဒေသခံလူငယ် ၁ ဦးက ပြောပါတယ်။
သင်တန်း တက်ရောက်သူတွေရဲ့ ဆန္ဒ သဘောထားကို မေးမြန်းပြီး ထမ်းဆောင်ရမည့် တာဝန် အသီးသီးကို ခွဲထားကြောင်း၊ စစ်သင်တန်း ဆက်လက် တက်ရောက်ပြီး တပ်ဖွဲ့ထဲ ဝင်ရောက်လိုတယ်လို့ ၁၈ ဦး က ဆန္ဒပြုတာ တွေ့ရ ကြောင်း၊ ကျန်လူများကို တိုက်ပွဲ ကာလတွင် ထောက်ပို့ တာဝန် ပြုလုပ် ပေးရန်၊ ဒေသလုံခြုံရေး နှင့် ကင်းထောက် လုပ်ပေးရန် ဆန္ဒပြုစေခဲ့ကြောင်း အဆိုပါတွန်းဇံဒေသခံလူငယ်ရဲ့ ပြောပြချက် အရ ဆက်လက် သိရှိရပါတယ်။
CDF-Tonzang မှ ဦးစီး ပြုလုပ်တဲ့ ပြည်သူစစ် သင်တန်း နဲ့ ပတ်သက်ပြီး CDF-Tonzang ရဲ့ စစ်ဦးစီးချုပ် ပူထန်ဆွင်းမုန် ကတော့ “ဒီသင်တန်းက တွန်းဇံမြို့နယ် ကောင်စီရဲ့ သဘောတူညီ ဆုံးဖြတ်ချက် ကြောင့် ပြုလုပ် ရတာပါ။ ကျေးရွာ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေရဲ့ ဆန္ဒ အရ ပြုလုပ် ခဲ့ရ တာပါ။ ZRA-EC က နတ်ဇန်ရွာ နှင့် ဘောင်မွာလ်ရွာတွေကို မီးရှို့ပြီး နောက်ပိုင်းမှာ ရပ်ရွာရဲ့ လုံခြုံရေး တာဝန်တွေ ယူဖို့ ပြည်သူ့စစ် သင်တန်း ခေါ်ယူ ဖြစ်တာပါ။ လက်ရှိမှာ စစ်မျက်နှာက နှစ်နေရာ ဖြစ်ခဲ့ရတာ ကြောင့်လည်း ပါတယ်။ ပြည်သူ့စစ် သင်တန်း တက်ရောက်မယ့် စာရင်းကို ကျေးရွာ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေက ပြုစု ပေးပို့ခဲ့ကြ ပါတယ်။ အဲမှာ အုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန်ပေးချက် ကို လိုက်မနာဘဲ သင်တန်း ကို တိမ်းရှောင်တာ၊ ထွက်ပြေးတာ တွေ ရှိလို့ အဲလို လူတွေကို ဖမ်းခဲ့ရ တာပါ။ လူလွတ်တွေက ဆန္ဒရှိရင် CDF-Tonzang နှင့် CC တပ်မှာ ဆက်လက် ပါဝင် လာဖို့ စီစဉ် ပေးထားတယ်။ အိမ်ထောင်သည် တွေကို တော့ ပြည်သူ့စစ် အနေနဲ့ ရပ်ရွာ လုံခြုံရေး ယူဖို့ စီစဉ် ထားပါတယ်” လို့ Chin World Media ရဲ့ မေးမြန်းချက် ကို ဖြေကြားပါတယ်။
အဆိုပါ ပြည်သူ့စစ်သင်တန်း အတွက် တွန်းဇံမြို့ နှင့် အနီးအနား ရှိ ကျေးရွာများမှ သတ်မှတ်ထားတဲ့ လူဦးရေ အတိုင်း တက်ရောက် စေခဲ့တာ ဖြစ်တယ် လို့လည်း ထပ်မံ သိရှိရပါတယ်။
