
မေလ ၁၀ ရက်။
၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်နဲ့ နောက်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ အာဏာသိမ်းစစ် ကောင်စီက ကြေညာထားပြီး ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကိုယ်စားပြုပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ဇိုမီးအမျိုးသားပါတီ၊ခူမီးအမျိုးသားပါတီတို့ယှဉ်ပြိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။
ချင်းပြည်နယ်၊ပလက်ဝမြို့နယ် ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ် (၆)မှာ ပါတီရုံးချုပ်ဖွင့် လှစ်ထားတဲ့ ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ကစလို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ခူမီးအမျိုးသားပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မတ်လ ၆ ရက်နေ့က လျှောက်ထားထားပါတယ်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုတဲ့ ဇိုမီးအမျိုးသားပါတီ(Zomi National Party) က ဥပဒေ နည်းဥပဒေတွေနဲ့အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဧပြီလ ၃၀ ရက်နေ့မှာ လျှောက်ထားထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ဒီဇင်ဘာလအတွင်း ပြုလုပ်ရန်ရှိသော ကြောင့် ပါတီတည်ထောင်ခွင့်လျှောက်ထားလိုသူများအနေဖြင့် မေလ ၉ ရက်နေ့ နောက်ဆုံးထားလျှောက် ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က ထုတ် ပြန်ထားကာ ၊ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီအသစ် လာရောက်လျှောက်ထားတဲ့ ပါတီ ၂၇ ခုနှင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ ခု၊ စုစုပေါင်း ပါတီ ၇၇ ခု မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားပြီး ပါတီတည်ထောက်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ်နေကြောင်း ဒီနေ့ မေလ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများအား မှတ်ပုံတင်စေခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်မှာ ဟားခါးနဲ့တီးတိန် ၂ မြို့ကိုသာ စစ်ကောင်စီကထိန်းချုပ်ထားနိုင်ပါတော့တယ်။
နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ပြန် မလျှောက်ထားတဲ့ ၂၀၂၀ ရွေး ကောက်ပွဲအနိုင်ရပါတီ NLD ပါတီအပါအဝင် ၂၀၂၀ ရွေး ကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချင်းပြည်နယ်နဲ့ ချင်းတိုင်းရင်းသားအခြေပြုပါတီ တွေဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ချင်းတိုင်းရင်းသားပါတီ၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ ခူမီး(ခမီ) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ပါတယ်။




