Headlines

အိန္ဒိယ – ပါကစ္စတန် နှစ်နိုင်ငံကြား စစ်ရေးတင်းမာနေချိန် အိန္ဒိယနိုင်ငံတွင်း ချမှတ်တဲ့ စည်းကမ်းထုတ်ပြန်ချက်တွေ မြန်မာစစ်ရှောင်တွေလိုက်နာဖို့ India for Myanmar တိုက်တွန်း

မေလ ၈ ရက်။

အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံအကြား စစ်ရေးတင်းမာနေတဲ့ ကာလဖြစ်တာကြောင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးရှောင် မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံတွင်းချမှတ်တဲ့ စည်းကမ်းထုတ်ပြန်ချက်တွေကို လိုက်နာပူးပေါင်းကြဖို့ အိန္ဒိယ-မြန်မာအရေးလေ့လာစောင့်ကြည့်တဲ့ India for Myanmar အဖွဲ့က မနေ မေလ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အိန္ဒိယအစိုးရ တာဝန်ရှိသူတွေ လူမှုရေးအသင်းအဖွဲ့တွေနဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေနိုင်တဲ့ ကိစ္စတွေကို လုံးဝရှောင်ကြဉ်ဖို့ကိုလည်းတိုက်တွန်းထားပြီး လက်ရှိအချိန်ဟာ အိန္ဒိယနိုင်ငံခေါင်းဆောင်တွေအနေနဲ့ နိုင်ငံလုံခြုံရေးနဲ့ နိုင်ငံသားတွေအရေး ကိစ္စတွေ ဦးစာပေး အာရုံစိုက်နေတဲ့ အခြေအနေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ဘက်ပေါင်းစုံက အခက်ခဲများစွာ ရင်ဆိုင်ကြုံနေရသလို အိန္ဒိယနိုင်ငံသည်လည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာကို အပြည့်အဝနားလည် စာနာနားလည်ပြီး နိုင်ငံတွင်းချမှတ်တဲ့ စည်းကမ်းတွေကို မယိမ်းမယိုင်လိုက်နာကာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပြီး အိန္ဒိယ – ပါကစ္စတန် နှစ်နိုင်ငံကြား စစ်ရေးတင်မာမှုကြောင့် ဒေသတွင်း မလိုလားအပ်တဲ့ စိန်ခေါ်မှုတွေ ထပ်မံဖြစ်ပေါ်လာနိုင်တဲ့တွက် မိမိရောက်နေတဲ့ ဒေသတွင်းမှာ သတိရှိစွာ နေထိုင်ကြဖို့လည်း India For Myanmar က တိုက်တွန်းထားပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးနောက်ပြီး တိုက်ပွဲများနှင့် စစ်ကောင်စီ၏ အသက်အန္တရာယ်ပေးခြိမ်း ခြောက်နေမှုများကြောင့် ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသက မြန်မာနိုင်ငံသား ပြည်သူသောင်းချီဟာ နယ်စပ်တဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် မဏိပူရ်ပြည်နယ်တို့မှာသွားရောက်ခိုလှုံနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *