
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး ၎င်းတို့၏ မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စနစ်တကျဆောင်ရွက်လာနေတယ်လို့ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့က မေလ ၂၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ပါကစ္စတန်နဲ့ အိန္ဒိယအကြား ပဋ္ဋိပက္ခဖြစ်ပြီးနောက်ပိုင်း တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လာပြီး ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ခံရမှုတွေကို စတင်ကြုံနေရပြီဖြစ်တယ်လို့လည်း India For Myanmar က ဆိုပါတယ်။
ဒါ့ပြင် အိန္ဒိယရှိ UNHCR ရုံးက ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကိုလည်း အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးထားတဲ့အတွက် အိန္ဒိယအစိုးရက ပစ်မှတ်ထားခံရနိုင်ခြေရှိသူလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပါက UNHCR ရုံးမှာ စာရင်းသွင်းခဲ့တဲ့ လိပ်စာမှာ ဆက်လက်နေထိုင်ခြင်းမပြုဘဲ ဘေးကင်းတယ်လို့ ထင်တဲ့နေရာကို ယာယီခိုလှုံနေထိုင်ဖို့ကိုလည်း India For Myanmar ကအကြံပြုထားပါတယ်။
India For Myanmar ရဲ့ အသိပေးထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပစ်မှတ်ထားခံရနိုင်ခြေ နည်းသူတွေအနေနဲ့ မလိုအပ်ဘဲစိုးရိမ်ထိတ်လန့်ခြင်းနဲ့ အထောက်အထားမခိုင်လုံဘဲ ရှောင်ထွက်ခြင်းတွေ မပြုလုပ်ကြဖို့ကိုလည်း ထပ်လောင်းအသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနိုင်ငံရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်းထိစပ်တဲ့ အိန္ဒိယနိုင်ငံကို ရွှေ့ပြောင်းခိုလှုံနေကြတဲ့ မြန်မာပြည်သူလူသောင်းချီရှိနေပါတယ်။