
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ ၂၀၂၅ – ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းတွေမှာကျောင်းအပ်နှံတဲ့ ကျောင်းသူ၊ ကျောင်းသား ဦးရေဟာ အရင်နှစ်တွေထက် သိသိသာသာ ပိုများလာတယ်လို့ ဟားခါးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။
ဟားခါးမြို့နေ ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းကနေ ကျောင်းတွေအပ်နေကြပြီ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ကျောင်းအပ်တဲ့ ကျောင်းသား၊ ကျောင်းသူ ပိုများလာတယ် ဖလမ်း၊ ထန်တလန်၊ မတူပီ စတဲ့မြို့တွေကနေ လာတက်တဲ့ ကလေးတွေ ဒီနှစ်မှာ သိသိသာသာ ပိုများလာတယ် အခုလက်ရှိ အ.ထ.က ( ၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က( ၄) တွေမှာပေါ့ နောက်ပြီး ကိုယ်ပိုင်ကျောင်းတွေမှာလည်း အများစု တက်နေကြပြီပေါ့” လို့ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနက ၂၀၂၅ – ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ မေလ ၂၂ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ ေကျာင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားတယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်မှာ ဟားခါးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်း ၊ မူလတန်းလွန်ကျောင်း (၁) ကျာင်း နဲ့ မူလတန်းကျောင်း (၁) ကျောင်း စုစုပေါင်း ၆ ကျောင်း ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံသူဦးရေ စုစုပေါင်း ၄၃၆၁ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဟားခါးမြို့နဲ့ တီးတိန်မြို့တွေမှာ ဇွန်လမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်တော့မှာဖြစ်ပြီး ကျောင်းအပ်လက်ခံနေပြီလို့လည်း သိရပါတယ်။
