Headlines

လူမျိုးရေးမုန်းတီးမှု ဖြစ်လာစေနိုင်တာကြောင့် ပလက်ဝမြို့နယ်က ချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ AA တပ်သား ၂ ဦးကိုထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့နဲ့ပွင့်လင်းမြင်သာတဲ့ တရားစီရင်ခြင်းဖြင့် ဆောင်ရွက်ဖို့ ထုတ်ပြန်

မေလ ၂ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံချင်းအမျိုးသမီးတစ်ဦးကို ဧပြီလ ၅ ရက်နေ့က ရခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင် ၂ ဦးက မုဒိန်းကျင့်ခဲ့တဲ့ဖြစ်ရပ်ဟာ လူမျိုးရေးမုန်းတီးမှု ဖြစ်လာစေနိုင်တာကြောင့် ပြစ်မှုကျူးလွန်သူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ခြင်းဖြင့် ဆောင်ရွက်ဖို့ Chinland Council က ဖွဲ့စည်း ပေးထားတဲ့ ချင်းပြည် ( Chinland) အစိုးရ၊အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဒီကနေ့ မေလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင့်တပ်မတော် (AA)ဟာ စစ်အာဏာရှင်တော်လှန်ရေးကို အကြောင်းပြပြီး ချင်းပြည် (Chinland) အတွင်း ပလက်ဝဒေသခံပြည်သူတွေ သဘောတူညီမှုမရှိဘဲ တပ်စခန်းတွေချတာ စစ်ရေးဖော်ဆောင်ခြင်းတွေပြုလုပ်ခဲ့တဲ့အတွက် ပြည်သူတွေ အတိဒုက္ခရောက်ကြရတဲ့အပြင် အခုလိုချင်းအမျိုးသမီးတစ်ဦးအား ရည်ရွယ်ချက်ရှိရှိ အတင်းအဓမ္မပြုကျင့်တဲ့ အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းကိုလည်း Chinland Council က ဖွဲ့စည်း ပေးထားတဲ့ ချင်းပြည် ( Chinland) အစိုးရထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ချင်းအမျိုးသမီးတစ်ဦးပေါ် အဓမ္မပြုကျင့်ခြင်းဟာ တိုင်းရင်းသား အချင်းချင်းကြား စိတ်ဝမ်းကွဲမှုနဲ့ လူမျိုးရေးမုန်းတီးမှု ဖြစ်စေနိုင်တာကြောင့် ပြစ်မှုကျူးလွန်တဲ့ ရခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင် ၂ ဦးကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ခြင်း ၊ကျူးလွန်ခံရသူအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လုံခြုံမှုနှင့် ဥပဒေအကာအကွယ်ဆောင်ရွက်မှုပေးခြင်း လိုအပ်တဲ့ အကူအညီပံ့ပိုးပေးခြင်းတွေကို ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ရခိုင့်တပ်မတော် (AA) အနေနဲ့ နောက်နောင် အခုလို ချင်းပြည်သူတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက်မှုမျိုး လုံးဝ မပြုလုပ်တော့ဖို့ကိုလည်း ပြင်းထန်စွာ သတိပေးတယ်လို့လည်း ချင်းပြည် ( Chinland) အစိုးရရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံကလေးမိခင် ချင်းအမျိုးသမီး တစ်ဦးကို အာရက္ခတပ်တော်( AA) တပ်သား ၂ ဦးက မုဒိန်းကျင့်ပြီး ရေနစ်သတ်ဖို့ကြိုးစားခဲ့တာ မှန်ကန်ကြောင်းနဲ့ ပြစ်မှုဖြစ်တဲ့နေ့ကတည်းကစလို့ ကျူးလွန်သူ ၂ ဦးကိုလည်း ဖမ်းဆီးထားကြောင်း အာရက္ခတပ်တော် (AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်မီဒီယာဖြစ်တဲ့ Narinjara မှာပြောကြားထားပါတယ်။

ဧပြီလ ၅ ရက်နေ့က စိမ်းစင်းကျေးရွာနေ ဒေသခံကလေးမိခင် ချင်းအမျိုးသမီးတစ်ဦးဟာ အခင်းသွားစဉ် AA တပ်သား ၂ ဦးက မုဒိန်းကျင့်ပြီး ချောင်းအတွင်း ရေနစ်သတ်ဖို့ကြိုးစားနေချိန် ကျူးလွန်ခံရသူရဲ့ ယောက်ခမဖြစ်သူက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့လို့ မုဒိန်းကျင့်ခံရသူအမျိုးသမီး အသက်ဘေးကနေ သီသီလေးလွတ်ခဲ့တာလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *