
၂၀၂၅ ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ မှာ ကျင်းပခဲ့ကာ လူထုခေါင်းဆောင်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်တဲ့ Citizen of Burma (ပြည်သူ့ဂုဏ်ရည်) ဆုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က လက်ခံရယူခဲ့ကြောင်း သိရပါတယ်။
၂၀၂၅ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရသူအဖြစ် ပြည်သူ့ဂုဏ်ရည် အသင်းက မတရား အကျဥ်းကျခံနေရတဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ရန် ရွေးချယ် ခဲ့ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝတစ်လျှောက်လုံး မြန်မာနိုင်ငံ နဲ့ ပြည်သူများအပေါ် ထားရှိတဲ့ အနစ်နာခံမှု၊ မေတ္တာတရား၊ နိုင်ငံရေး ဦးဆောင်မှုများအပေါ် ကျေးဇူတင်ရှိကြောင်း နဲ့ စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံကြံခံတွန်းလှန်နေတဲ့ စိတ်ခွန် အားကို ဦးညွတ်ဂုဏ်ပြုရတာဖြစ်ကြောင်းလည်း ပြည်သူ့ဂုဏ်ရည် အသင်းက ထုတ်ပြန်ထားပါတယ်။
” နှစ် ၃၀ ကျော်ကြာ မြန်မာ့ဒီမိုကရေစီအိမ်မက်အတွက် မေမေဟာ အင်မတန် အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တယ်။ စစ်အုပ်စုက အကျဥ်းချပြီး ပြည်သူတွေနဲ့ခွဲပြီး သူ့အသံကိုတိတ်သွားစေဖို့ ကြိုးစားတယ်၊ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပဲ သူ့ရဲ့ စိတ်ဓါတ် ဝိညာဉ်အားကိုတော့ ချုပ်နှောင် မထားနိုင်ပါဘူး ။ မေမေက တစ်ခါက ပြောခဲ့တယ်။ “လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီဆိုတဲ့အိမ်မက်များအတွက် ဘယ်တော့မှ လက်မလျော့လိုက်ပါနဲ့” တဲ့၊ ဒီဆုဟာ မေမေ့ရဲ့ စွန့်လွှတ်မှုများကိုသာမက၊ လွတ်လပ်တဲ့မြန်မာနိုင်ငံ ဖြစ်စေချင်တဲ့ အိမ်မက်ကိုလဲ ရည်ညွှန်းပါတယ်။ လို့ ကင်အဲရစ်မှ ဆုလက်ခံရယူတဲ့အချိန်မှာ ပြောကြားပါတယ်။
အဆိုပါဆုမှ ရရှိတဲ့ ဆုငွေကို မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် လူငယ်တွေရဲ့ ပညာရေးအတွက် အသုံးပြုသွားမှာဖြစ်ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်အဝင်စားဆုံးထဲက တစ်ခု ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်ရေးဝန်ကြီးဌာန အခွင့်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH) နာယက ဦးအောင်ကြည်ညွန့်၊ ကုလသမဂ္ဂအမြဲတမ်းကိုယ်လှယ် ဦးကျော်မိုးထွန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်မေဝင်းမြင့်၊ ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများတက်ရောက်ခဲ့တယ်လို့သိရပါတယ်။
