Headlines

ရိဒ်ခေါ်ဒါရ်မြို့မှာ မျိုးနွယ်စုကြား အမုန်းတရားဖြန့်ဝေလှုံ့ဆော်သူတွေကို နောက်ထပ်မလုပ်ဖို့ ခေါ်ယူသတိပေးတာရှိကြောင်း CDF – Hualngoram ပြော

မေလ ၂၀ ရက်။

အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ရိဒ်ခေါ်ဒါရ်မြို့ကို ထိန်းချုပ်ထားတဲ့ CDF – Hualngoram တပ်ဖွဲ့က ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ကို ေထာက်ခံတဲ့ ပြည်သူတချို့ကို လိုက်လံဖမ်းဆီးတာမျိုးမရှိဘဲ မျိုးနွယ်စုကြား အမုန်းတရားဖြန့်ဝေလှုံဆော်သူတွေကိုသာ ခေါ်ယူသတိပေးတာမျိုးသာရှိကြောင်း CDF – Hualngoram ပြောရေးဆိုခွင့်ရှိသူက Chin World Media ကို ပြောပါတယ်။

CDF – Hualngoram ပြောရေးဆိုခွင့်ရှိသူက “အဲလိုမျိုးမရှိဘူး ကျနော်တို့မှာ တရားဥပဒေစိုးမိုးရေး နယ်မြေတည်ငြိမ်အေးချမ်းရေးကို ကျနော်တို့ရဲ့ ဒေသန္တရအုပ်ချုပ်ရေးဥပဒေအတိုင်း ဆောင်ရွက်နေတာတော့ရှိတယ် မျိုးနွယ်စုကြားအမုန်းတရားဖြန့်ပြီး ပြည်သူတွေကြား လှုံဆော်တဲ့သူတွေကိုတော့ နောက်ထပ်မလုပ်ဖို့ ခေါ်ယူသတိပေးထားတာတော့ရှိတယ် သူတို့ဘက်က စိုးရိမ်ပြီး ရှောင်တာတော့ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့က ကိုယ်ထိလက်ရောက် ကျူးလွန်ဖမ်းဆီးတာမျိုးတော့ အခုထိမရှိသေးဘူး” လို့ပြောပါတယ်။

ရိဒ်ခေါဒါရ်မြို့မှာရှိတဲ့ CNO/ CNDF ထောက်ခံတဲ့ပြည်သူတချို့ကို CDF – Hualngoram က ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ချင်းပြည်(ချင်းလဲန်)ဖွဲ့စည်းပုံအတိုင်း ဒေသန္တရတစ်ခုအဖြစ် အုပ်ချုပ်ရေးယန္တရားများဖော်ဆောင်နေသော ဟွာလ်ငိုးရမ်း ဒေသဟာ စစ်အစိုးရ ခေတ်အဆက်ဆက် သတ်မှတ်ပေးသော မည်သည့် မြို့နယ်၊ နယ်နိမိတ်အောက်တွင် မရှိကြောင်း၊HPO/ CDF- Hualngoram ဟာ ချင်းပြည်(ချင်းလဲန်း)ဖွဲ့စည်းပုံ ၂၀၂၃ နှင့်အညီ ဖွဲ့စည်းထားသော ဒေသန္တရအစိုးရတစ်ခု ဖြစ်ပြီး ဟွာလ်ငိုးရမ်းဒေသမှာ အုပ်ချုပ်ရေးယန္တရားများဖော်ဆောင်လျှက်ရှိ ကြောင်း ၊ထို့ကြောင့် ဟွာလ်ငိုးရမ်းဒေသအတွင်း ပညာရေး၊ ကျန်မာရေး ကဏ္ဍအသီးသီး၌ ဝန်ဆောင်မှုပေးလျှက်ရှိသော NGOs အဖွဲ့အစည်းများ ၊ ပုဂ္ဂလိက ကျောင်းများ ၊ ဆေးရုံဆေးခန်းများအနေဖြင့် ဟွာလ်ငိုးရမ်း ဒေသန္တရအစိုးရ ခွင့်ပြုချက်မပါဘဲ လုပ်ငန်းဆောင်ရွက်ခွင့် လုံးဝ (လုံးဝ) မရှိကြောင်း ဟွာလ်ငိုးရမ်းပြည်သူ့အဖွဲ့အစည်း (HPO) က မေလ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မပေါ်ပေါက်မီကာလအတွင်း လက်ရှိ တည်ဆဲ ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်း မှီတင်း နေထိုင် သော မျိုးနွယ်စု အားလုံး၏ ဖြစ်တည်မှုကို လက်ခံအသိအမှတ်ထားပြီး မြို့နယ်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကိစ္စအဝဝကို မိမိတို့က တာဝန်ယူဆောင်ရွက်နေကြောင်း၊ဖလမ်းမြို့နယ် နယ်နိမိတ်အတွင်း မျိုးနွယ်စုများအကြား စည်းလုံးမှုပျက်ပြားစေနိုင်သော ပြုမူဆောင်ရွက်ချက်များကို လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) က မေလ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“ကျနောတို့ သတိပေးထုတ်ပြန်ချက်တွေ မလိုက်နာရင်တော့ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ကျနော်တို့အရေးယူဖို့တော့ရှိတယ် ကျနော်တို့အနေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားအောင်တားဆီး ဆောင်ရွက်သွားမှာပါ”လို့ CDF-Hualngoramရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ရိဒ်ခေါ်ဒါရ်မြို့ကို CDF-Hualngoram ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ကုန်မှာသိမ်းပိုက်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *