Headlines

မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပြစ်ဒဏ်မပေးဘဲ တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ပို့တော့မယ်

မေလ ၁၉ ရက်။

မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပြစ်ဒဏ်ကျခံစရာမလိုတော့ဘဲ တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ပို့ဆောင်တဲ့ အစီအစဉ်ကို မလေးရှားအစိုးရက မေလ ၁၉ ရက်နေ့ကနေ စတင်တော့မယ်လို့ မလေးရှားသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။

အဲဒီအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ မလေးရှားတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားမှာ နေထိုင်သူတစ်ဦးက “လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကျနော်တို့ ချင်းလူမျိုးတွေ (၇) ယောက်အဖမ်းခံရတာ သူတို့ ထောင်ဒဏ်မပေးတော့ဘဲ ချက်ခြင်းလေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ပို့လိုက်တယ် ဘာမှအထောက်အထားမရှိရင်တော့ စိုးရိမ်ရတယ် လိုက်ဖမ်းနေတယ် လဝက ကနေ နေရာအလိုက် မြန်မာနိုင်ငံသားတွေနဲ့ တခြားနိုင်ငံခြားသားတွေများတဲ့ ဖက်တွေပေါ့ လိုက်ဖမ်းနေကြတယ်အထောက်အထားမရှိတဲ့သူ UN ကဒ်မရှိတဲ့သူတွေနဲ့ UN လျှာက်ထားဆဲလူတွေပေါ့ သူတို့ကတော့ မလွတ်ဘူးပေါ့ အခုလို အစစ်အဆေးလုပ်ရင်တော့” လို့ပြောပါတယ်။

အထောက်ထားမဲ့နိုင်ငံခြားသားတွေအနေနဲ့ ပြစ်ဒဏ်ကျခံစရာမလိုတော့ဘဲ မိမိနိုင်ငံအသီးသီးကို တရားဝင်လမ်းကြောင်းကနေ ပြန်နိုင်ရေး မလေးရှားအစိုးရက စီစဉ်နေတာလည်းဖြစ်ပါတယ်။

ပြစ်ဒဏ်ကျခံစရာမလိုပေမယ့် ဒဏ်ငွေ အနေနဲ့ တရားမဝင် လက်မှတ်မရှိဘဲ မလေးရှားနိုင်ငံဝင်ရောက်ခြင်းအတွက် မလေးငွေ RM 500 ၊ ရက်ကျော်နေထိုင်သူတွေလည်း RM 500 ၊ နယ်မြေဖြတ်ကျော်ခြင်း စည်းမျဉ်း ချိုးဖောက်မှုအတွက် RM 300 ပေးဆောင်ရမှာဖြစ်ပြီး အထူးထွက်ခွာခွင့် (Special Pass)အတွက် RM 20 နောက်ထပ် ပေးဆောင်ရမှာဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးတွေကိုတော့ ကင်းလွတ်ခွင့်ပြုပေမယ့် အထူးထွက်ခွာခွင့် RM 20 ကိုတော့ ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေလည်းကောင်း တရားဝင်လမ်းကြောင်းကနေရော ဝင်ရောက်နေထိုင်သူများစွာ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *