
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ Matupi Township Health Department ( MTHD ) အဖွဲ့မှာ ဆေးဝါးအခက်ခဲတွေရှိနေတာကြောင့် ပြည်သူလူထုကို ဆေးကုသမှုတွေကို လုံးဝအခမဲ့ မပေးနိုင်သေးကြောင်း MTHD က တာဝန်ရှိသူတစ်ဦးက Chin World မီဒီယာကို ပြောပါတယ်။
မတူပီမြို့ကို မနှစ် ၂၀၂၄ ခုနှစ်၊ဇွန်လ ၂၉ ရက်မှာ ချင်းညီနောင်အဖွဲ့ကသိမ်းပိုက်ပြီးနောက်ပိုင်း လူထုကျန်းမာရေးစောင့်ရှောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ MTHD အဖွဲ့ဟာ မတူပီမြို့နယ်အတွင်းက မိခင်နဲ့ ကလေးငယ် ကာကွယ်ဆေးထိုးတာတွေ အပြင် ကျေးရွာတွေကို တစ်လတစ်ကြိမ် Mobile Visit သွားတယ်လို့လည်း သိရပါတယ်။
MTHD က တာဝန်ရှိသူတစ်ဦးက “မေလထဲမှာလည်း မိခင်နဲ့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးထားပြီးပြီဖြစ်တယ် ဒုတိယအကြိမ်ထိုးပြီးတာပေါ့ ကာကွယ်ဆေးထိုးတာက မတူပီမြို့နယ်အတွင်းမှာတော့ မထိုးနိုင်တဲ့ဒေသ မရှိသလောက်ပါဘဲ အခုလိုကာလမှာ ဆေးဝါးအခက်အခဲရှိတယ် ဆေးဝါးတွေကို ဝယ်ယူရပြီးမှ ကုသပေးရတာဆိုတော့ ဆေးကုသမှုကိုတော့ လုံးဝအခမဲ့ မပေးနိုင်သေးဘူးပါဘူးရှင့်” လို့ပြောပါတယ်။
MTHD ဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း မတူပီမြိုကနယ် လှတန်းကျေးရွာက ဒေသခံ နာမကျန်းဖြစ်တဲ့ ဒေသခံ ၆၃ ဦးကိုလည်း ဆေးကုပေးခဲ့တယ်လို့ MTHD က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မေလ ၁၀ ရက်နေ့ကသွားရောက်ကုသပေးခဲ့တာပါ တစ်ရွာလုံးခြုံပြီးတော့ နာမကျန်းး ဖြစ်တဲ့သူတွေ စုစုပေါင်း ၆၃ ယောက်ကို ကုသပေးတာတွေလုပ်ခဲ့ပါတယ် ကျမတို့အဖွဲ့အစည်းအနေနဲ့ မတူပီမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေကို တစ်လတစ်ကြိမ် ကျေးရွာတွေကို Mobile Visit သွားပါတယ် အဓိက ကျမတို့အဖွဲ့က မတူပီမြို့နယ်အတွင်းမှာဘဲ အဓိကဆေးကုသမှုတွေလုပ်ပါတယ်” MTHD က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
MTHD အနေနဲ့ တော်လှန်ရေးကာလတစ်လျှောက်မှာလည်း ဆေးကုသပေးလျှက်ရှိပေမယ့် လူထုကိုကျယ်ကျယ်ပြန့်ပြန့် ဆေးကုသတာကိုတော့ မတူပီမြို့သိမ်းတိုက်ပွဲပြီးကာလကတည်းကနေ စတင်ခဲ့တာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေပြောပြချက်အရ သိရပါတယ်။