Headlines

မတူပီမြို့တွင်း ယာဉ်တိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုရှိတာကြောင့် ယာဉ်ကြီး၊ ယာဉ်ငယ်တွေလိုက်နာရမယ့် စည်းကမ်း ၁၄ ချက်ကို CDF – Matupi ထုတ်ပြန်

မေလ ၂၄ ရက်။

ချင်းပြည်နယ်၊ မတူပီမြို့တွင်း ယာဉ်တိုက်မှုကြောင့်လူထိခိုက်သေဆုံးမှုရှိတာကြောင့် မတူပီမြို့တွင်း ၄ ဘီးယာဉ်တွေ တစ်နာရီအမြန်နှုန်း (၂၀) ကီလိုမီတာထက် ပိုမမောင်းရဘူးဆိုတဲ့ ယာဉ်စည်းအပါဝင် လိုက်နာရမယ့် ယာဉ်စည်းကမ်း ၁၄ ချက်ကို မတူပီမြို့ကိုထိန်းချုပ်ထားတဲ့ မတူပီ တော်လှန်ရေးအဖွဲ့ချုပ် (MRO)/Chin Defense Force – Matupi ( CDF – Matupi) ကဒီကနေ့ မေလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

MRO/CDF – Matupi အထွေထွေအတွင်းရေးမှူး ကိုဘွေအုပ်က “မြို့သိမ်းပြီးနောက်ပိုင်း အများအားဖြင့် ဖြစ်တာက ယာဉ်ကြံံ့ခိုင်မှု မရှိတာလည်းပါတယ် ဘရိတ်ပေါက်လို့ ဖြစ်တာလည်းများတယ် ယာဉ်တိမ်းမှောက်လို့ ဆုံးတာ၊ ဒဏ်ရာရတာ အမှုတွဲ (၁၀) ခုကျော်လောက်ရှိပါတယ်” လို့ပြောပါတယ်။

မတူပီမြို့တွင်း ယာဉ်ကြီး၊ ယာဉ်ငယ်မောင်းနှင်သူတွေအနေနဲ့ ယာဉ်များကို သတ်မှတ်ထားတဲ့ အချိန်အတွင်းသာ မောင်းနှင်ရမှာဖြစ်ပြီး ( ယာဉ်ကြီးဆိုလျှင် – မနက် ၅ နာရီကနေ ည ၈ နာရီအတွင်း ၊ ယာဉ်ငယ်ဆိုလျှင် မနက် ၅ နာရီကနေ ည ၉ နာရီအတွင်း) လို့ သတ်မှတ်ထားပြီး အသက် ၁၆ နှစ်အောက် ယာဉ်မမောင်းရဆိုတာတွေ အပါအဝင် ယာဉ်စည်းကမ်း ၁၄ ချက်ကို CDF – Matupi ကထုတ်ပြန်ထားတာဖြစ်ပါတယ်။

မတူပီမြို့ကို CDF – Matupi ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသိမ်းပိုက်ခဲ့ပြီး မတူပီမြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း CDF – Matupi က ဆက်လက်ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *