
မေလ ၁၄ ရက်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချောင်းနန်းကျေးရွာက အသက် ၂၂ နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦးဟာ မလေးရှားနိုင်ငံက ပွဲစားအိမ်မှာ ရွေးမယ့်သူမရှိလို့ အကြမ်းဖက်ခံနေရတယ်လို့ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။
မင်းပြားမြို့နယ်နဲ့ အမ်းမြို့နယ်မှ ချင်းအမျိုးသမီး ၆ ဦးဟာ မလေးရှားနိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ အလုပ်ရမယ်လို့ ပွဲစားတွေရဲ့ ချိတ်ဆက်ပေးမှုနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့မှ ထွက်လာပြီး မေလ ၁၀ ရက်နေ့မှာ မလေးရှားကို ရောက်ရှိခဲ့ကာ၊အဲဒီအမျိုးသမီးတွေကို ပွဲစားတွေက စားသောက်ဆိုင်မှာ အလုပ်မသွင်းပေးဘဲ မလေးရှားနိုင်ငံက KTV ဆိုင်တစ်ခုမှာ အတင်းဓမ္မ လုပ်ခိုင်းတာကြောင့် အမျိုးသမီးတွေဟာ မလုပ်ချင်တဲ့အတွက် ပွဲစားရဲ့ အကြမ်းဖက်မှုကိုခံနေရကြရတာဖြစ်ပါတယ်။
ဒါ့ကြောင့် အမျိုးသမီးတွေဟာ မိမိအသိမိတ်ဆွေ၊ ဆွေမျိုးတွေကို ပွဲစားဆီက ရွေးပေးဖို့ အကူညီတောင်းခဲ့ကြပြီး တစ်ဦးမှာ ဒီကနေ့ထိ ရွေးပေးမယ့်သူမရှိတာကြောင့် ပွဲစားအိမ်မှာ ကျန်နေခဲ့ကာ အကြမ်းဖက်မှု အမျိုးမျိုးခံစားနေရတာဖြစ်ပါတယ်။
“ကျွန်မတို့ ရန်ကုန်က ထွက်လာတုန်းက ၆ ယောက်ပါ။ မင်းပြားက လေးတူ (ချင်း) ၅ ယောက်ရယ်၊ အမ်းမြို့နယ်က စုမ်းတူ(ချင်း) တစ်ယောက်ပါ။ မလေးနယ်စပ်ရောက်တော့ လူစုခွဲလိုက်ရတယ်။ ကျွန်မတို့ ၃ ယောက် တစ်ဖွဲ့ဖြစ်ပါတယ်။ တခြား ၃ယောက်နဲ့လည်းအဆက်သွယ်မရဘူး။ ကျွန်မတို့ကိုတော့ KTV မှာ ဝင်လုပ်ခိုင်းတယ်။ ဝိတ်တာဆိုတော့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဝိတ်တာမဟုတ်ဘူးတဲ့။ ယောကျာ်းလေးတွေနဲ့ ပွေ့ဖက်၊ အရက်ငဲ့ပေးတာတွေ လုပ်ရမယ်ပြောတယ်။ ကျွန်မတို့က မလုပ်နိုင်ဘူးပြောတယ်။ ဒါကို ပွဲစားက စိတ်ဆိုးပြီး ဖုန်းတွေ သိမ်းတယ်။ ထမင်းတွေ နပ်မှန်အောင် မကျွေးဘူး။ ရေလည်းအမြဲမပေးဘူး။ မုဒိမ်းကျင့်ပြီး နယ်စပ်မှာ ရောင်းစားပစ်မယ် ခြိမ်းခြောက်တယ်။ ရွေးမယ်သူရှိလည်း ပွဲစားခ နှစ်ဆ မလေးငွေ ၁၆,၀၀၀ ပေးရမယ်ပြောတယ်။ ကျွန်မတို့ ၃ ယောက်ထဲက နှစ်ယောက်တော့ ရွေးမယ်သူရှိလို့ လွတ်သွားတယ်။ တစ်ယောက်တော့ ကျန်သေးတယ်။”လို့ လွတ်လာသူထဲမှ ချင်းအမျိုးသမီးတစ်ဦးက Chin World Media ကို ပြောပါတယ်။
ရွေးပေးမယ့်သူမရှိလို့ ပွဲစားအိမ်မှာ ကျန်ခဲ့တဲ့ ချင်းအမျိုးသမီးတစ်ဦးဟာ ဖုန်းပါ အသိမ်းခံရတဲ့အတွက် အဆက်သွယ်မရသလို မည်သည့်နေရာတွေမှာ ထိန်းသိမ်းလဲဆိုတာ မသိရတာကြောင့် လွတ်လာဖို့ အကူညီလိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
“ကျွန်မတို့ ၃ ယောက်ရှိတုန်းကတောင် ပွဲစားက အမျိုးမျိုးခြိမ်းခြောက် အကြမ်းဖက်နေတာ။ အခုတစ်ယောက်တည်းဆိုတော့ ဘယ်လိုနေမလဲဆိုတာ စိတ်ပူတယ်။ ဖုန်းလည်းအသိမ်းခံရတော့ အဆက်အသွယ်မရဘူး။ ဘယ်မှာထားလဲပေါ့။ နယ်စပ်မှာပို့လိုက်ပြီးလားပေါ့။ ပွဲစားဆီ ဆက်သွယ်တော့လည်း ဘာမှမပြောဘူး။ ရှိတယ်လောက်ပဲ ပြောတယ်။ ကျွန်မတို့ကို ရွေးတုန်းကလည်း ပွဲစားဆီ ပိုက်ဆံလွဲပေးပြီး လမ်းဘေးမှာထားခဲ့တယ်။ လမ်းဘေးမှာ ရွေးတဲ့သူ လာခေါ်ပေးတာ။ အခုကျန်ခဲ့တဲ့ တစ်ယောက်ကို အမြန်ဆုံးရွေးပေးစေချင်တယ်။ ပြန်လွတ်စေချင်ပြီ။”လို့ လွတ်လာသူထဲမှ ချင်းအမျိုးသမီးတစ်ဦးက Chin World Media ကို ပြောပါတယ်။
မလေးရှားမှာရှိတဲ့ ချင်းအဖွဲ့အစည်းတွေနဲ့ ချင်းလူမျိုးတွေအနေနဲ့ ပွဲစားဆီမှာ အမျိုးမျိုးခြိမ်းခြောက်၊ အကြမ်းဖက်နေတဲ့ မင်းပြားမြို့နယ်၊ ချောင်းနန်းကျေးရွာက အသက် ၂၂ နှစ်အရွယ် လေးတူ (ချင်း) အမျိုးသမီးတစ်ဦးကို အမြန်ဆုံး ကူညီပေးဖို့ လွတ်လာတဲ့ ချင်းအမျိုးသမီးတွေက တောင်းဆိုထားပါတယ်။
