Headlines

မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီနေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး၊ ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရ

မေလ ၁၅ ရက်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီ ၄၀ မိနစ်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဒေသခံ ကလေးငယ်အပါအဝင် လူ ၃ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “သုံးယောက်သေဆုံးတယ် ချင်း ၂ ယောက်နဲ့ ဗမာတစ်ယောက်ပေါ့ အဲဒီဗမာတစ်ယောက်က အဲဒီရွာမှာ အိမ်ထောင်ကျပြီးနေတဲ့ ဗမာတစ်ယောက်ဖြစ်တယ် ထိခိုက်ဒဏ်ရာရတာကတော့ ၁၀ ဦးလောက်ရှိတယ် နေအိမ်ကတော့ ၆ လုံးလောက်မီးလောင်ပျက်စီးသွားတယ်” လို့ပြောပါတယ်။

ဒီနေ့မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးဟာ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသူတွေဟာ ကလေးငယ် ၆ နှစ်အရွယ်နဲ့ သူ့မိခင်အပါဝင် ၎င်းတို့ကျေးရွာမှာ ချင်းအမျိုးသမီးနဲ့အိမ်ထောင်ကျတဲ့ ဗမာလူမျိုးတစ်ဦးတို့ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ခပ်စိပ်စိပ်လုပ်နေပြီး မေလ ၉ ရက်နေ့ကလည်း ညအချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားအဆောက်အဦ ၁၅ လုံးဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ အပြီးသိမ်းပိုက်ခဲ့ပြီး လက်ရှိမင်းတပ်မြို့နယ် အုပ်ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *