
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ချင်းညီနောင်နဲ့မဟာမိတ်ရဲဘော်တွေဆေးကုသဖို့ အတွက် အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါး လိုအပ်နေတယ်လို့ ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF ) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ကပြောပါတယ်။
ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ခြေတု၊ လက်တု၊ နားကြားကိရိယာ တပ်ဆင်ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါးလောက် လိုအပ်နေတာဖြစ်တယ်လို့ မေလ ၁၀ ရက်နေ့က ပြုလုပ်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရခဲ့ကြတဲ့ ချင်းညီနောင်ရဲဘော်တွေနဲ့ မဟာမိတ်ရဲဘော်တွေ အတွက် ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာ CNO / CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ကပြောခဲ့တာဖြစ်ပါတယ်။
“ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲမှာ ချင်းညီနောင်တပ်ဖွဲ့ဝင်ရဲဘော် ၅၀ ကျော်နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက စုစုပေါင်း တော်လှန်ရေးရဲဘော် ၉၀ ဝန်းကျင် ဒဏ်ရာရခဲ့တယ် ဒဏ်ရာရတဲ့ရဲဘော်တွေထဲမှာ ခြေလက်ဖြတ်ရတဲ့သူတွေလည်းရှိတယ် တချို့နားမကြားရတော့တဲ့သူတွေလည်းရှိတယ် အဲဒီဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေတွက် ခြေတု၊ လက်တု၊ နားကြားကိရိယာတွေ တပ်ဆင်ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါးလောက် လိုအပ်နေတာပါ မိဘပြည်သူတွေအနေနဲ့ ရဲဘော်တွေရဲ့ ဆေးကုသစရိတ်တွေ ထောက်ပို့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်”လို့ (CNO / CNDF ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကပြောပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရ ရဲဘော်အများစုရဲ့ အသက်အရွယ်တွေဟာ ၁၈ ၊ ၂၀ ၊ ၂၅ နှစ် အရွယ်ဝန်းကျင်တွေဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်တပ်ဖွဲ့ဘက်က ရဲဘော် ၅၆ ယောက်နဲ့ မဟာမိတ်တပ်ဘက်ကအယောက် ၃၀ ကျော်နဲ့ စုစုပေါင်း ၉၀ နီးပါး အသက်ပေးလှူ ကျဆုံးခဲ့ရတယ်လို့ CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ကပြောပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၅ လ ပြည့်တဲ့ ၂၀၂၅ ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်တဲ့နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ ( CB) က ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။