
မေလ ၅ ရက်။
ချင်းအမျိုးသားတပ်ဦး (CNF/CNA )လက်ထဲမှာ ဖမ်းဆီးခံရင်းသေဆုံးသွားတဲ့ အာရက္ခတပ်တော်(AA) တပ်သားဟာ ရောက်လာကတည်းက ဘာအစားအစာမှ မစားချင်ဘဲ အစာကျွေးလည်း အော့အန်ခဲ့ပြီး တစ်ညမှာ အော့အန်လို့ တာဝန်ရှိသူတွေက ဆရာဝန်ခေါ်ပေမယ့် ဆေးမမီဘဲ သေဆုံးခဲ့ရတာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သတင်းမီဒီယာတချို့မှာ ဒီကနေ့ မေလ ၅ ရက်မှာ ဖြေကြားထားပါတယ်။
မနှစ်က မတူပီမြို့သိမ်းတိုက်ပွဲအတွင်းမှာ CNF / CNA ကဖမ်းဆီးထားတဲ့ ချင်းညီနောင်ရဲ့ မဟာမိတ်တပ်ဖွဲ့ဝင်ထဲက အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရန်သူသဖွယ် နည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်ခဲ့တာကြောင့် အသက်သေဆုံးသွားတဲ့ဖြစ်စဉ်တစ်ခုရှိပြီး ပြန်လည်လွတ်မြောက်လာတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်များ ပြောကြားချက်အရ သိရတယ်လို့ ချင်းညီနောင်အဖွဲ့က မေလ ၄ ရက်ကသတင်းထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲတဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လတုန်းက CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့တွေက ချင်းညီနောင်နဲ့ မဟာမိတ် အာရက္ခတပ်တော်က တပ်ဖွဲ့ဝင်များပူးပေါင်းစစ်ကြောင်း ရန်သူစစ်ကောင်စီနဲ့ အပြင်းအထန် တိုက်ခိုက်နေမှုတွေကို အခွင့်ကောင်းယူပြီး နောက်ကျောကနေ လာရောက်တိုက်နေမှုတွေကြောင့် နှစ်ဖက်အဖွဲ့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန် ဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိခဲ့တယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်း ညီနောင်အဖွဲ့က မနေ့မေလ ၄ ရက်ကသတင်းထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်ကိုတိုက်ခိုက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းချင်းချင်းကြား ဝိဝါဒကွဲပြားမှုတွေကို ဖြေလျော့လိုက်တဲ့အပြင် ချင်းပြည်သူလူထုလိုလားတောင့်တတဲ့ ချင်းတော်လှန်ရေးအဖွဲ့များကြား စည်းလုံးညီညွတ်မှုကို စတင်တည်ဆောက်ပြလိုသော စိတ်ရင်းသဘောထားတွေကြောင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် နှစ်ဖက်အဖွဲ့အစည်းက ထိန်းသိမ်းထားတဲ့ တပ်ဖွဲ့ဝင်များကို အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ ချင်းညီနောင်အဖွဲ့က မနေ့ မေလ ၄ ရက်ကသတင်းထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်အနေနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ အတောတွင်းမှာ မိမိတို့ ချင်းအမျိုးသားတော်လှန်ရေး အဖွဲ့အစည်းများကြား ဝိဝါဒကွဲပြားမှုများရှိတတ်ခြင်းကို လက်ခံသဘောပေါက်ထားတယ်လို့လည်း ဆိုထားပြီး လက်ရှိအချိန်မှာ ပထမဦးစားပေးအလုပ်ဖြစ်တဲ့ဘုံရန်သူတိုက်ထုတ်ရေးသည် အရေးကြီးဆုံး ဖြစ်တာကိုလည်း နားလည်ထားပြီး အခြားတဖက်မှာ မိမိတို့လူမျိုးများ အဖွဲ့အစည်းအချင်းချင်းအကြားဖြစ်ပေါ်လာတဲ့ အခက်ခဲပြသနာတွေကိုတော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းကြား တွေ့ဆုံဆွေးနွေး၍ အဖြေရှာကြရမှာကိုလည်း အပြည့်အဝယုံကြည် လက်ခံထားပါတယ်လို့လည်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။