ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) အရာရှိတစ်ဦးက ခရစ်ယာန်ပါစတာ ၁ ဦးကို အကြောင်းမဲ့ ရိုက်နှက်၊ထိုးကြိတ်ခဲ့တယ်လို့ သိရ

မေလ ၁၆ ရက်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာက ခရစ်ယာန်အမှုတော်ဆောင်သိက္ခာတော်ရ ပါစတာ ဆရာဦးလိုဒိန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ AA အရာရှိတစ်ဦးက အကြောင်းမဲ့ ရိုက်နှက်၊ ထိုးကြိတ်ခဲ့လို့ ဒီကနေ့ အချိန်ထိ ဆရာဦးလိုဒိန်းဟာ ဆေးကုသနေရတယ်လို့ ကာယကံရှင်ပြောပြချက်အရ သိရပါတယ်။

သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းဟာ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်(MBC) က အသိမှတ်ပြု ဓမ္မဆရာမှတ်ပုံတင်ကဒ်အမှတ် ၁၂၁၂၄ ကိုင်ဆောင်သူ တစ်ဦးဖြစ်ပြီး ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှာ သာသနာပြုနေထိုင်သူတစ်ဦးဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းက “ ဧပြီလ ၁၇ ရက်နေ့ညက ဘုရားဝတ်ပြုအပြီးပြန်လာတာက ၈ နာရီချိန်လောက်ဖြစ်မယ် ဘုရားကျောင်းအပြန်မှာ AA တပ်သားတစ်ယောက်က ကျနော်ကို ဗိုလ်ကြီးက ခဏလေးတွေ့ချင်တယ်ဆိုပြီးခေါ်သွားခဲ့တယ် စခန်းကိုရောက်တဲ့အချိန် ဗိုလ်ကြီးဆိုတဲ့သူက ဘာအကြောင်းပြချက်လည်းမပြောပြဘဲနဲ့ အကြောင်းမဲ့သက်သက် ပစ်စတိုသေနတ်နဲ့ ပစ်ဖို့နားထင်ကိုထောက်တယ် ဒါပေမယ့်မပစ်ဘဲ လက်သီးနဲ့ ထိုးသတ်တာ အကြိမ်ပေါင်းမနည်းဘူး ၈ နာရီ ၁၅ မိနစ်လောက်ကနေ ၉ နာရီထိ ခံခဲ့ရတယ် ကျနော်ကို ပြောတာက ကြောက်လား၊ ငါ့အကြောင်းသိလား၊ ကြောက်ပြီလားလို့ ပြောရင်းနဲ့ လက်သီးနဲ့ ထိုးမြဲထိုးတော့တာပါဘဲ ကုလားထိုင်ခုံပေါ်ထိုင်ခိုင်းပြီး ခြေတောက်နဲ့ကန်တယ် မြေပေါ်လဲကျရင်လည်း အတင်းပြန်ထိုင်ခိုင်းပြီး ပြန်ထိုးတယ်၊သူခြေတောက်နဲ့ကန်တာလုံးဝမခံနိုင်မှဘဲ သူဒေါသပြေမှဘဲ ရပ်ပြီး ကောင်းကောင်းနေပါ ငါတို့နဲ့ ပူးပေါင်းပြီးအလုပ်လုပ်ပါ မင်းကို ငါတို့စောင့်ကြည့်နေတော့မယ်လို့ပြောပြီး သူများကိုမပြောဖို့နဲ့ သူများကို ပြောတာသိရင် မလွယ်ဘူးလို့ပြောတယ် အဲဒီလိုပြောပြီး တပ်သား ၂ ဦးနဲ့ အိမ်ကို ပို့ပေးခဲ့တယ်” လို့ Chin World Media ကိုပြောပါတယ်။

ဒီဖြစ်စဉ်တွေ မဖြစ်ခင်ရက်ပိုင်းအတွင်းမှာလည်း နှစ်စဉ်ပုံမှန်ပြုလုပ်လေ့ရှိတဲ့ ကယ်တင်ခြင်းသင်တန်း (ခေါ်) နှစ်ခြင်းမင်္ဂလာဝတ်ခံယူရန် ၃ ရက်တာသင်တန်းကို ယေရှုခရစ်တော်ဘုရား၏ ရှင်ပြန်ထမြောက်ရာ မတိုင်ခင်ရက်သတ္တပတ် အလိုမှာ ပုံမှန်ပြုလုပ်လေ့ရှိပြီး ၎င်းသင်တန်း လုပ်ခွင့်ရရှိရန်လည်း ခဝဲကျေးရွာရှိ အာရက္ခတပ်တော် AA အစိုးရ၊ နယ်မြေမှူးရုံးသို့ ၅ ရက်အလိုတွင် စာအားဖြင့်တင်ပြီး ရုံးမှ ခွင့်ပြုကြောင်းနဲ့ ဒုနယ်မြေမှူးဖြစ်သော ကျော်ကျော်ထံမှလည်း လုပ်ခွင့်ပြုသောကြောင့် ဧပြီလ ၁၄ ရက်နေ့မှ ၁၆ ရက်အထိပြုလုပ်ခဲ့တယ်လို့ သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းက ပြောပါတယ်။

ဒီအခြေအနေသိရှိတဲ့ ပလက်ဝဒေသခံတစ်ဦးက “ ဒီဖြစ်စဉ်က အေအေဆီ ခယ မနေလို့ အမြင်ကပ်ပုဒ်မနဲ့ ဆော်တာဖြစ်တယ်။ အေအေက သူတို့ကို ခယ လေးစားနေမှ သူတို့ကြိုက်တာ ကိုယ့်လူမျိုး၊ ကိုယ်နဲ့ဘာသာမတူရင် အေအေအနေနဲ့ ပိုပြီးမှတောင် ဂရုစိုက်ဆင်ခြေရမှာလေ အခုတော့ သူများဘာသာရေး၊ လူမျိုးရေး ထိပါးသလိုဖြစ်နေတယ်” လို့ပြောပါတယ်။

သိက္ခာတော်ရပါစတာ ဦးလိုဒိန်းဟာ အစမှာတော့ ရွာမှာဘဲ ဆေးကုသမှုတွေ လုပ်ခဲ့ပေမယ့် အခုတော့ တခြားဒေသတစ်နေရာကို ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိမှာ ဆေးရုံတင်ထားရတဲ့ အခြေအနေမဟုတ်တော့ပေမယ့် သူ့နံရိုးတွေ အခုထိ နာနေတုန်းလို့ သိရကာဆေးသောက်၊ ဆေးလိမ်းနေရတုန်း ဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *