
မေလ ၂၆ ရက်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တပ်ချောင်းအုပ်စု၊ လန်ဒန်အုပ်စုက ကျေးရွာပေါင်း ၁၂ ရွာလောက်မှာ လွန်ခဲ့တဲ့ မတ်လက နေစပြီး ငှက်ဖျားေ ရောဂါအဖြစ်များနေပြီး ဒေသခံတွေအနေနဲ့ ဆေးဝါးလုံလောက်မှုမရှိတာ၊ကုသပေးမဲ့သူတွေမရှိတာ အပြင် ငွေကြေးအခက်အခဲတွေကြောင့် ငှက်ဖျားဖြစ်ပြီး သေဆုံးလူနာအထိ ရှိလာတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝဒေသခံ ဒေသခံတစ်ဦးက“ပလက်ဝမြို့နယ်မှာ ငှက်ဖျားဖြစ်တာကကြာပြီ လွန်ခဲ့တဲ့ မတ်လကနေ စတာပေါ့ အသက် ၃၅ ဝန်းကျင်ရှိတဲ့ ဆရာတစ်ယောက် ဆုံးသွားတာလည်း ရှိတယ် ငှက်ဖျားသီးသန့်မကုနိုင်လို့ အခုလက်ရှိ အရေးပေါ်ကြုံနေရတယ်ပေါ့ ဆေးဝါးလုံလောက်မှုမရှိဘူး ငှက်ဖျားခံစားနေရသူတွေကလည်း ဆေးဝါးမလုံလောက်တာ ငွေကြေးမတတ်နိုင်တာတွေနောက်ပြီး အဲဒီမှာ ဆေးဝါးကုသပေးနေတဲ့သူတွေကလည်း မရှိကြတော့ ဒေသခံတွေအနေနဲ့ အရေးပေါ်လိုအပ်နေကြတယ်” လို့ပြောပါတယ်။
ပလက်ဝမြို့နယ်၊သဲကုန်းကျေးရွာက မူလတန်းပြကျောင်းဆရာတစ်ဦးဟာ ဧပြီလ ၃၀ ရက်နေ့မှာ ငှက်ဖျားကြောင့် ကွယ်လွန်ခဲ့ရတာလို့သိရပြီး ၎င်းမှာ ကျန်ရစ်ခဲ့တဲ့ သားသမီး ၄ ဦးရှိတယ်လို့လည်း သိရပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “ လက်ရှိမှာလည်း ငှက်ဖျားဖြစ်နေကြတယ် နောက်ပြီးအဲဒီဒေသတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေမရကြဘူး အင်တာနက်လိုင်းရဖို့ ၅ ရက်ကြာ ခြေကျင်သွားနေကြရတယ် လက်ရှိနောက်ဆုံးသိရသလောက် ၅ ယောက်လောက် ဆေးကုသနေရတယ် အဲဒီထဲမှာ ၁ ယောက်က စောင့်ကြည့်ရတဲ့ အနေထား တစ်ယောက်တော့ သေဆုံးလူနာဖြစ်ပြီပေါ့လေ ကျန်တဲ့ဒေသခံတွေရော ဘယ်လိုဖြစ်နေကြလဲဆိုတာ အချက်အလက်မကောက်နိုင်ကြသေးတဲ့အတွက် သေချာမသိရသေးဘူး” လို့ပြောပါတယ်။
