
“အကျပ်အတည်းကာလ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှင်သန်ရပ်တည်ရေး” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့ နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှာ ညီလာခံတက်ရောက်လာကြတဲ့ သတင်းသမားတွေ လက်တလောကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအပါအဝင် အခြားအခက်အခဲများကို တင်ပြဆွေးနွေးမှုအပေါ် အလှူရှင်များနဲ့ တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေက အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာတွေ ရေရှည်ရပ်တည်နိုင်ရေး အတွက် နိုင်ငံတကာအကူအညီ ထောက်ပံ့မှုများအပြင် သတင်းမီဒီယာ တစ်ခုချင်းစီက နည်းလမ်းများ နည်းလမ်းများ ရှာဖွေကြိုးစားသင့်ကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ တိုင်းရင်းသားမီဒီယာ ၁၅ ဖွဲ့ နဲ့ စုစည်းထားတဲ့နိုင်ငံတကာမြန်မာသတင်း (Burma News International – BNI) က မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
“အကျပ်အတည်းကာလ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှင်သန်ရပ်တည်ရေး” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့ နဝမကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှာ မြန်မာနိုင်ငံအတွင်း ဖြစ်တည်နေတဲ့ ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ရှုပ်ထွေးမှုအခြေအနေများ နိုင်ငံရေးအရှုပ်အထွေးမှုများကြားက သတင်းတင်ဆက် ထုတ်လွှင့်မှု အခြေအနေများနဲ့ အနာဂတ်အုပ်ချုပ်ရေးဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတကာမြန်မာသတင်း (Burma News International – BNI) က ထုတ်ပြန်ပါတယ်။
ညီလာခံမှာ BNI က စုစည်းနေတဲ့ သတင်းမီဒီယာဆိုင်ရာ ဥပဒေတွေအပေါ် ပြင်ဆင်ဖြည့်စွက်တာ လိုအပ်ချက်တွေကို ထပ်မံဖြည့်စွပ်ဆွေးနွေးခဲ့ပြီး သတင်းမီဒီယာဆိုင်ရာ ဥပဒေများ ပြင်ဆင်ရေးဆွဲရာမှာ အနာဂတ်တွင် ပါ်ပေါက်လာနိုင်မယ့် အောက်ခြေမှ အထက်သို ပုံသဏ္ဍာန်ကို အခြေခံရန်နဲ့ မီဒီယာကောင်စီ၊ အများပြည်သူဝန်ဆောင်မှုမီဒီယာ၏ တာဝန်ရှိအဖွဲ့အစည်းတွေကို အစိုးရနဲ့ ကင်းလွတ်သော အဖွဲ့အစည်းတွေဖြစ်ရန် တိုင်းရင်းသားလူမျိုးစုတွေ အခြားစုံလင်ကွဲပြားသောအုပ်စုတွေ ပါဝင်မှုရှိတဲ့ ပုံစံဖြင့် ဖွဲ့စည်းသင့်တယ်လို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း BNI ကထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာမြန်မာသတင်း (BNI) က ကြီးမှူးပြီး နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို မေလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံ ပြင်ပတနေရာမှာ ကျင်းပပြုလုပ်ခဲ့ရာ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေက သတင်းသမားတွေ၊အရပ်ဖက်အဖွဲ့အစည်းတွေ၊သံတမန်အချို့နဲ့ မီဒီယာပံ့ပိုးတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၃၀ နီးပါး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

