
အသက်သွေးချွေးပေါင်းများစွာရင်းနှီးပြီး ရလာတဲ့ အောင်မြင်မှု ထိန်းချုပ်နယ်မြေတွေ မဆုံးရှုံးရလေအောင် ကာကွယ်သွားကြဖို့ ကန်ပက်လက်ပြည်သူတွေကို တိုက်တွန်းတယ်လို့ CDF – Kanpetlet တည်ထောင်တာ( ၄ )နှစ်ပြည့်တဲ့ ဒီကနေ့ မေလ ၁၃ ရက်နေ့မှာ CDF – Kanpetlet တာဝန်ရှိသူတစ်ဦးက Chin World Media ကို ပြောပါတယ်။
CDF – Kanpetlet ကတာဝန်ရှိသူတစ်ဦးက “CDF – Kanpetlet ရဲ့ ၄ နှစ်ပြည့် မွေးနေ့မှာ ပြည်သူတွေကို သတင်းပါးချင်တာကတော့ အသက်ခန္ဓာပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေကို အလေးထားပြီး ခံယူချက်၊ ပန်းတိုင် မယိမ်းယိုင်ဘဲ တစိုက်မတ်မတ် ရှေ့ဆက်ဖို့ အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပြီး ရရှိလာတဲ့ အောင်မြင်မှု ထိမ်းချုပ်နယ်မြေတွေ ပြန်မဆုံးရှုံးရလေအောင် ကာကွယ်ရမှာက ရှောင်လွှဲမရတဲ့ သမိုင်းပေးတာဝန်တစ်ခုဖြစ်လာတဲ့အတွက် တပ်အင်အားတည်ဆောက်ရေးမှာ အရွယ်ရောက်တဲ့သား၊ သမီးဆွေမျိုးတွေကို မဖြစ်မနေစည်းရုံးပြီး နီးစပ်ရာ ကာကွယ်ရေးတာဝန်ရှိသူတွေထံ ချိတ်ဆက်ပူးပေါင်းပေးဖို့နဲ့ ကိုယ်ကိုယ်တိုင်လည်း အကြောင်းမျိုးမျိုးကြောင့် လက်နက်ကိုင်ထဲ မပါဝင်နိုင်ရင်တောင် ကျရာအခန်းကဏ္ဍမှာ မဖြစ်မနေ အမျိုးသားရေးတာဝန်ကို ဆက်လက်ထမ်းဆောင်ပေးကြဖို့ သတင်းပါးချင်ပါတယ်” လို့ပြောပါတယ်။
CDF – Kanpetlet တပ်ဖွဲ့တည်ထောင်တဲ့ လေးနှစ်တာကာလအတွင်းမှာ CDF – Kanpetlet တပ်ဖွဲ့က ၃၃ ဦး ကျဆုံးခဲ့သလို ၉၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CDF – Kanpetlet တာဝန်ရှိသူကပြောပါတယ်။
“လေးနှစ်တာကာလအတွင်း ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့ ၂ ခုစလုံးကို စစ်ကောင်စီလက်ကနေ လွတ်မြောက်နိုင်ခဲ့ရုံသာမက အခြားသော ချင်းညီနောင်မြို့သိမ်း စစ်ဆင်ရေးတွေအထိ ပါဝင်ပြီးအောင်မြင်မှုတွေ ရယူနိုင်ခဲ့တာဟာ CDF – Kanpetlet နဲ့ ကန်ပက်လက်မြို့နယ် ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်မြင်မှုဖြစ်သလို ချင်းညီနောင်နှင့် မဟာမိတ်တွေရဲ့ အောင်မြင်မှုလည်းဖြစ်ပါတယ်”လို့ CDF – Kanpetlet တာဝန်ရှိသူကပြောပါတယ်။


