
ကိုဒဲ ။
နဖူးပေါ်က ချွေးစက်တွေကို လက်မောင်းကအကျီစနဲ့သုတ်ရင်း ခုတ်လက်စသစ်ပင်ကိုမော့ကြည့်မိတော့ မြင့်လိုက်တာဟု ထန်နိုးတွေးမိသည်။ သစ်ပင်ရဲ့ ဟိုထိပ်စွန်းနားမှာ ဟေဇာပန်း (Heisa) လေးတပွင့်ကိုတွေ့တော့ သူရင်ထဲ လွမ်းဆွတ်မှုတို့တိုး၀င်လာသည်။ ဟေဇာမည်သော သူငယ်ချင်းမလေးကို သူလွမ်းနေသည်မဟုတ်လား။
==============={{{{{}}}}}============
စာမတော်ပေမယ့် ကျောင်းတက်ရတာပျော်သော်လည်း မချောင်လည်သောမိသားစုကအကြီးဆုံးသားမို့ ညီ၊ညီမငယ်တွေကိုငှဲ့ကာ ထန်နိး၉တန်းနှစ်တွင်ကျောင်းထွက်သည်။ အဖေနဲ့ တဖက်နိုင်ငံ၊ မီဇိုရမ်ဖက် ၃နှစ်ခန့်အထမ်းထမ်းကူရင်းဈေးရောင်းကူသည်။ ကိုဗစ်မည်သော ကပ်ရောဂါဖြစ်ပွားသောအခါ သားအဖနှစ်ယောက် နယ်စပ်မပိတ်မှီအမြန်ပြန်လာကြသည်။ ရွာရောက်သော်လဲ အဖေကတော့ ရောက်ပြီးမကြာခင်ဆုံးသည်။ ထန်နိုးတို့ကို ရွာထိပ်က ရှုခင်းသာအရပ်ရှိတဲငယ်လေးမှာနေရသည့်ကာလအတွင်းဆုံးခြင်းဖြစ်သည်။ ဆွေမျိုးနဲနဲနှင့် ထန်နိုးကိုယ်တိုင်အဖေ့ကို သဂြိုဟ်ခဲ့ရသည်။ လူတွေကကြောက်ကြတာကိုး ကူးစက်မှာကို..
==============={{{{{}}}}}============
အဖေမရှိတော့ သူခရီးမထွက်တော့။ ခရီးသွားရတာများလို့ အဖေပင်ပန်းပြီးဆုံးရတာလို့တွေးပြီး သူစိတ်နာသည်။ ထို့အပြင်တောင်ယာက အမေတယောက်ထဲနဲ့ မဖြစ်ဘူးလေ။ တောင်ယာလုပ်၊ ပြောင်းဖူးစိုက်ပါမှ သူတို့စားဖို့ ဖူလှုံမယ် မဟုတ်ပါလား။
ထို့အပြင် သူကျောင်းထွက်ပြီးအဖေ့နောက်လိုက်တုန်းက မြို့မှာ ကျောင်းဆက်တက်ကာ မမြင်ရတာကြာပြီဖြစ်တဲ့ သူ့သူငယ်ချင်းမလေး ဟေဇာတယောက် တက္ကသိုလ်တွေ
ပိတ်လို့ရွာပြန်ရောက်နေတယ်မဟုတ်ပါလား။ သူတို့ကတော့ ပြည့်စုံတော့ တက္ကသိုလ်ပါဆက်တက်နိုင်ကြသည်။
တရက်သောတနဂ်နွေမနက်တခုမှာ ဘုရားကျောင်းတက်တော့ သူဟေဇာ့ကိုသေချာမြင်ရသည်။ ငယ်ငယ်ကနဲ့မတူ။ ၀တ်စားပုံ၊ ပြင်ဆင်ပုံပြောင်းသွားသည်။ ဟေဇာသူ့ကို လှမ်းပြုံးပြတော့ သူရင်ခုန်နေတာ မရပ်တော့၊ ယောက်ျားတန်မဲ့ ခြေဖျားလက်ဖျားများ အေးနေလေသည်။ လေထဲမှာ ထင်းရှူးနံ့သင်းနေသလို သူရင်သည် ထွမ်းဝုမ်းတောင်လို့ခေါ်တဲ့ ကနေဒီတောင်ထိပ်မှာတိုက်တဲ့လေလို တဝုန်းဝုန်းနှင့် ပရမ်းပတာဖြစ်နေတာ သူသတိထားမိသည်။
=============={{{{{{}}}}}}}}===========
သူတောင်ယာခုတ်ဖို့သွားတဲ့ မနက်ခင်းတခုမှာ ဟေဇာရွာကနေ မြို့ပြန်တက်တာကိုကြားရသည်။တောင်ယာကနေ သူအပြေးအလွားလိုက်သော်လဲ မမှီတော့။ တောင်ခါးပန်းကိုကွေ့ဝိုက်ကာဖောက်ထားသောလမ်းအတိုင်းတက်သွားသည့် ဆိုင်ကယ်ကိုပျပျသာမြင်ရတော့သည်။ သူမမှီ။ လက်ထဲက ဟေဇာ့ကိုပေးဖို့ခူးလာတဲ့ ဟေဇာပန်းနဲ့ ခြံထွက်ငှက်ပျောသီးတဖီးက ဖားဖိုလှိုကိနေတဲ့ သူရင်ပတ်ရဲ့ စီးချက်အတိုင်း တလှုပ်လှုပ်နဲ့ နိမ့်လိုက်မြင့်လိုက်…။ နောက်မှပေးတော့မယ်တွေးရင်း ပန်းကို ကျမ်းစာအုပ်ကြားညှပ်လိုက်သည်။ ဟေဇာအတွက် ဆုတောင်းပေးပြီးသားဖြစ်အောင်…။
============={{{{}}}}==============
သိပ်မကြာ ဟေဇာမြို့ကပြန်လာသည်။ သို့သော် အရင်လိုမဟုတ်။ သူ့မျက်နှာမှာ စိုးရိမ်စိတ်တွေအပြည့်ရှိတာ သူသတိထားမိသည်။ သူ့အိမ်သွားလည်တော့ အရင်လို ပေါ့ပေါ့ပါးပါးသူမ မပြုံးတော့..
“ငါ မီဇိုရမ်ဖက်သွားတော့မလို့”
ဟေဇာ့စကားကြောင့် သူရင်ထိတ်ခနဲ ဖြစ်သွားသည်
“ဘာလို့လဲ၊ ဂမ်အခြေအနေမကောင်းဘူးလေ” နိုင်ငံရေးမကောင်းဘူးမို့လား လို့ သူနားလည်သလို ချင်းလိုပြောတော့၊ ဟေဇာက..
“မကောင်းလို့ကောင်းအောင်လုပ်မှာလေ.. ငါ့လောမ်ပါးလဲ အိုက်ဇောလ်ရောက်နေပြီ၊ ငါသူနဲ့မခွဲနိုင်ဘူး၊ နောက်ပြီး ငါ့အနေနဲ့ တဖက်တလမ်းကနေ တတ်နိင်သလောက် ဂမ်အခြေအနေကောင်းရေးကြိုးပမ်းချင်တယ်”
ဟေဇာ့မှာ လောမ်ပါးရှိနေပြီကြားတော့ သူမယုံနိုင်၊ တခြား..သူ..ပြောတာတွေမကြားတချက် ကြားတချက်
“ဟဲ့…နင်ငါပြောတာပြန်ဖြေလေ၊ လိုက်မလား ဟိုရောက်ရင် လူငယ်တွေစုပြီး တခုခုလုပ်ကြမယ်လို့လဲကြားတယ်၊ နင်ဆို တောင်ယာလုပ်၊ သစ်ခုတ်နဲ့ ဗလကောင်းတော့ အဆင်ပြေမှာ….”
“နင့်အဖေနဲ့အမေက ဘာပြောလဲ..မတားဘူးလား?”
“မတားပါဘူး သူတို့က ငါ့ကိုယုံတယ် လုပ်သင့်တာလုပ်နေတာကိုလဲ ရှင်းပြထားတယ်”
ထက်မြက်ပညာတတ်သောသမီးမို့ ဟေဇာတို့အဖေမေက စိတ်ချသည်ထင့်…
“ငါက အနူးနဲ့ နောင်နူး၊ နောင်ပါးတွေရှိသေး……”
သူစကားမဆုံးသေး ဟေဇာက သူ့ကိုအထင်သေးသော အကြည့်နဲ့ကြည့်ရင်း …
“အဲတာပဲ နင်တို့လို ကိုယ်ဖို့ပဲကြည့်တဲ့သူတွေကြောင့် ဂမ်က မကောင်းတာ ငါတို့ ကိုယ်ကျိုးပဲကြည့်လို့မရဘူးဟ…”
သူပြောတာမှန်နေပေမယ့် ပြည့်စုံသူမဟုတ်တဲ့အပြင်၊ သိပ်မကျန်းမာတော့သော အမေနဲ့ ညီ၊ညီမတွေ မျက်နှာများအား သူ ပြေးမြင်မိသောအခါ…
“ငါ…မလိုက်တော့ပါဘူးဟာ.. ပြီးတော့ ငါကနင်တို့လိုလဲ ဘာမှနားလည်သူမဟုတ်တာရယ်…” သူ့စကားဆုံးတော့ နှစ်ယောက်ကြား.. ပြောစရာစကားမရှိကာ တိတ်ဆိတ်သွားတာ မခံနိုင်တဲ့အဆုံး လူပျိုပြန်ချိန်မတန်သေးပဲ ထိုညတော့ စောစော ပြန်ခဲ့သည်။
အိမ်ရောက်တော့ သူအိပ်မပျော်။ “ငါ့မှာ လောမ်ပါးရှိပြီ” ဆိုသောစကားနဲ့ ဟေဇာရဲ့ အကြည့်အား သူဖျောက်မရ။ “..ဟေဇာရယ် ငါလဲ နင်တို့လိုပေးဆပ်သူဖြစ်ချင်တာပေါ့ ဒါပေမယ့် အနူးနဲ့ ငါ့ညီ၊ညီမလေးတွေက ငါမရှိရင်မဖြစ်ဘူးလေး…” လို့စိတ်ထဲ ပဲ့တင်ထပ်လျက်သာ…
============={{{{}}}}=============
“… စန္ဒာလမင်းလဲသာသရွေ့…မမေ့ဖူးအချစ်ရယ်.. မဏိပူရမြစ်ရေမခဏ်းသရွေ့လဲ စိတ်ထဲအမြဲချစ်နေပါ့မယ်ကွယ်…”
သူတို့ဖက်မှာ လူတိုင်းသိပ်ကြိုက်ကြတဲ့ အဆိုတော် Lengtong ပေါင်နိုးရဲ့ သီချင်းလေးကို သူ..လေကလေးချွန်ရင်း ဟေဇာ့အကြောင်း တွေးနေတာ သူရပ်လိုက်သည်။
ရွာထဲက သူ့သူငယ်ချင်းတွေ မလေးရှားသွားသူသွား၊ ဒေသလုံခြုံရေးထဲ၀င်သူ၀င်၊ တချို့ကတော့ သူတို့ဖက်အခေါ် “မုန်ညင်းခေါင်းလုံး”ပင်လို့ခေါ်တဲ့ ဘုရားမကြိုက်တဲ့ အပင်တွေစိုက်ဖို့သွားလို့ ရွာမှာလူငယ်တွေ မရှိသလောက်ဖြစ်နေပြီမို့ ဒီအပင်သူတယောက်ထဲ ခုတ်နေရခြင်းဖြစ်သည်။
မလေးရှားနိုင်ငံခြားသွားသူများက သူ့ကိုမလိုက်ရကောင်းလား၊ မွဲတေမယ့်ကောင်ဟု သမုတ်ကြသလို၊ လုံခြုံရေးထဲရောက်သူများကလဲ သူ့ကို သရဲဘောကြောင်သူ၊ အလကားကောင်လို့မြင်ကြသလို၊ ‘မုန်ညင်းခေါင်းလုံးပင်’ သွားစိုက်ကြဖို့ဆွယ်တာကို မလိုက်လို့ သူ့ကိုပြစ်တင်မာန်မဲ သူလဲ ရှိလေသည်။ သူကတော့ သမာအာဇီ၀ဖက်သော အလုပ်ကိုသာလုပ်လိုသည်။ မိသားစုကိုကာကွယ်ခြင်းသည် အခြေခံအကျဆုံး ဂမ်လုပ်ငန်းဖြစ်သည်လို့ သူကြားဖူးသည်မို့လား…
==============={{{{{}}}}}===============
ဟေဇာ သူ့ဆီကထွက်မသွားခင် ဇာပြာနဲ့ကူးပေးထားခဲ့သော သီချင်းလေးအား မှန်မကွဲ ကွဲကြေနေသောဖုန်းလေးနဲ့နားထောင်ဖို့ နားကြပ်တပ်လိုက်သည်…
“..မြေနီလမ်းကလေးကိုလိုက်ပြီး ကားလေးစီးရင်ဖုန်ထလာ.. ဒါဟာလဲ..ချင်းတောင်ရဲ့..အလှတခုပါ..””
..နားထဲ၀င်လာသော သီချင်းသံအေးအေးအား နားထောင်ရင်း ခုတ်လက်စသစ်ပင်ကို သူပြန်ခုတ်လိုက်သည်။ ဒီအပင်ခုတ်ပြီးမှ မိုးတွင်းအတွက် တမိုးစာ ထင်းမီးရမှာမဟုတ်ပါလား…။
ကိုဒဲ
(ပုံစံအမျိုးမျိုးဖြင့် ပေးဆပ်ဖြတ်သန်းနေသူ ညီ၊ညီမတိုင်းသို့..)
–
မုန်ညင်းခေါင်းလုံးပင်=ဘိန်းပင်
ဟေဇာ=ချင်းတောင်ထက်က ပန်းတမျိုး
ဂမ်= ပြည်၊ နိုင်ငံ
လောမ်ပါး=အမျိုးသားမိတ်ဆွေ၊ရည်ငံသူ
နူး=အမေ
နောင်=ညီ၊ညီမ
