
ဒီကနေ့ မေလ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာ တွန်းဇံမြို့နယ် ရဲစခန်း ပတ်ဝန်းကျင်ကို စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ အဆောက်အဦး ပျက်စီးမှု တချို့ ရှိပြီး အရပ်သား ပြည်သူ တစ်ဦး ဒဏ်ရာ ရရှိသွားတယ် လို့ ဒေသခံများ ပြောကြား ချက် အရ သိရှိရပါတယ်။
“ဗုံးက တော့ ရဲစခန်းအောက်မှာ ရှိတဲ့ စီမံကိန်းရုံးကို ထိသွားတယ်။ CC တပ်တွေ ထိခိုက်တာမျိုး မကြားရသေးဘူး။ သူတို့ ကြိုတင် ကာကွယ် ရှောင်တိမ်း နိုင်တယ် လို့ပြောကြတာမျိုးလည်း ကြားရတယ်။ အရပ်သား တစ်ဦး ဒဏ်ရာ ရသွားတယ်။ အခုချိန်ထိတော့ ဗုံးထပ်ကြဲတာမျိုးတော့ မရှိတော့ဘူး” လို့ တွန်းဇံမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ် မေလ ၂၄ ရက်နေ့တွင် Chinland Council ပူးပေါင်း တပ်ဖွဲ့မှ သိမ်းပိုက် နောက်ပိုင်း မြို့နယ် အတွင်း ဒုတိယ ကြိမ်မြောက် လေကြောင်း တိုက်ခိုက် ခံရမှု ဖြစ်ပြီး မြို့ပေါ်မှာ ပထမဆုံး လေကြောင်း တိုက်ခိုက် ခံရခြင်း ဖြစ်တယ် လို့လည်း ဒေသခံများ ထံမှ ဆက်လက် သိရှိခဲ့ရ ပါတယ်။