Headlines

တီးတိန်မြို့မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာခြင်းနဲ့မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပိတ်၊လမ်းပျက်စီးကာ ကုန်ပစ္စည်း ရှားပါးလာ

မေလ ၃၀ ရက်။

စစ်ကောင်စီစစ်တပ်မှ ချင်းတောင်သို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ကလေး-တီးတိန် လမ်းမကြီး ပိတ်ခဲ့ရပြီး ယခု ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကွင်းလမ်း အဖြစ် အသုံးပြုနေတဲ့ ရွာချင်းဆက်လမ်းများ ပျက်စီးခဲ့ကာတီးတိန်မြို့မှာ လည်း ယခုရက်ပိုင်းအတွင်း အခြေခံ လူသုံးကုန် ပစ္စည်းများ ရှားပါး လာခဲ့တယ် လို့ တီးတိန်မြို့နေ ပြည်သူ တစ်ဦး က ပြောပါတယ်။

“ပိမ်းပိရွာကို ဖြတ်တဲ့ ရွာချင်းဆက် လမ်းကို ကွင်းလမ်း အဖြစ် အသုံးပြုတာ။ ဒီရက်ပိုင်း အတွင်း မိုးများ ခဲ့တော့ လမ်း အတော်ပျက်တယ်။ ကားတွေကလည်း တစ်ည ကနေ ငါးည အထိ လမ်းမှာ အိပ်ရတယ် လို့ သိရတယ်။ အဲတာ အရင် ရက်တွေကပါ။ အခု တွီးဆောက်ရွာ နဲ့ ဗားလ်ဝုန်း လမ်းခွဲ ကြားမှာ မြေပြိုကျပြီး ဘယ်ကားမှ သွားလို့မရတော့ဘူး” လို့ လက်ရှိ တီးတိန်မြို့ရဲ့ လမ်းပန်း ဆက်သွယ်ရေး အခြေအနေကို မြို့ခံ တစ်ဦးမှ ပြောပါတယ်။

ကွင်းလမ်းက လမ်းပြိုကျ မှုကြောင့် ကလေးမြို့ ဆင်းမယ့် ကား မျိုးစုံ အစီး ၅၀ ကျော်ဟာ လမ်းပွင့်မယ့် အချိန်ကို စောင့်ဆိုင်း တန်းစီ နေရပြီး မြေစာ ဖယ်ရှားနေသည့် JCB တစ်စီးပါ နွံကြား နစ်ခဲ့ရတဲ့ အခြေအနေမျိုး ကြုံတွေ့ နေရကြောင်း၊ လမ်းပေါ်မှာ ရွံ့ဗွက်တွေ ထူထပ် နေတာကြောင့် ဆိုင်ကယ်နဲ့ ခရီးသွားရတာတောင် အဆင်မပြေ ဖြစ်ခဲ့ကြောင်း ခရီးသွားသူ တွေထံမှ သိရှိရပါတယ်။

“အခု အသွားအလာ လုပ်တဲ့ ကားတွေက ခရီးသည်တင် ကား များတယ်။ ကုန်စည် ပို့ဆောင်ရေး ယာဉ်တွေက လမ်း နဲ့ ရာသီဥတု အခြေအနေ ကြောင့် မသွားနိုင်တော့ဘူး။ မုန့်၊ ကြက်ဥ၊ဆန် စတာတွေက မြို့ထဲမှာ ဝယ်ဖို့ မရှိ သလောက် ဖြစ်နေပြီ။ တစ်ရက် နှစ်ရက် အတွင်း ကားတွေ ဝင် မလာနိုင်ဘူး ဆိုရင် ဆေးဝါးတွေပါ ပြတ်လပ်မယ့် အခြေအနေ ကြုံတွေ့ နိုင်တယ်” လို့ တီးတိန်မြို့နေ လူလတ်ပိုင်း တစ်ဦးက Chin World Media ကို ပြောပြပါတယ်။

မေလ ၁၉ နေ့ မနက်မှာ အင်အား ၈၀၀ ခန့် ရှိမည့် စစ်ကောင်စီ စစ်တပ်များ ချင်းတောင်သို့ ချီတက် စစ်ကြောင်း ထိုးခြင်းကြောင့် တောင်ပေါ် တက်မည့် ယာဉ် အားလုံးကို ခိုင်ကမ်း ရဲ့စခန်း စစ်ဆေးရေး ဂိတ်မှ ပိတ်ဆို့ ထားပြီး CDF-CDM-Siyin ကလည်း ကလေး-သိုင်းငင်း လမ်းပိုင်း အတက်အဆင်း အားလုံးကို ယာယီ ပိတ်ထား လိုက်တာကြောင့် တီးတိန်-ကလေး ခရီးသွား ပြည်သူများသည် အဆိုပါ ဒေသများကို ရှောင်ကွင်းရန် အတွက် ရွာချင်းဆက် မြေသားလမ်းများ အသုံးပြုခဲ့ရတယ် လို့ ထပ်မံ သိရှိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *