တီးတိန်မြို့နယ် မံဆောင်းတံတားအောက်မှာ မြစ်ထဲဆင်းဖြတ်မောင်းကြတဲ့ကားသမားများ မိုးဦး စောမှာ စိုးရိမ်

ဧပြီလ ၃၀ ရက်။

ပွင့်လင်းရာသီမှာ အိန္ဒိယနယ်စပ်ကို ကုန်သွယ်တဲ့ ကုန်တင်ကားများ အနေဖြင့် တီးတိန်မြို့နယ် မံဆောင်းတံတားအောက်မှာ လမ်းလွှဲ ပြုလုပ်ပြီး ရေတိမ်တဲ့ နေရာမှ မြစ်ထဲ ဆင်းဖြတ် မောင်း ကြ သဖြင့် အချိန်ရော ကုန်ကျ စရိတ်ပါ သက်သာတဲ့ အတွက် မိုးဦး စောပြီး မြစ်ရေ တက်လာမည်ကို စိုးရိမ်နေကြရတယ် လို့ နယ်စပ်ဘက်ကို ကုန်စည် ပို့ဆောင်တဲ့ ကားသမား တစ်ဦး ထံမှ သိရှိခဲ့ ရ ပါတယ်။

တီးတိန်မြို့နယ် ရှိ မံဆောင်း မဏိပူရ မြစ်ကူး တံတား ကို စစ်ကောင်စီ စစ်တပ်မှ ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့မျာ မိုင်းခွဲ ဖျက်ဆီးတဲ့ အတွက် ဆောက်လက်စ တံတားသစ် အပေါ် ဒေသခံများမှ ယာယီ တံတားခင်းကာ မိုးတွင်း ရေကြီးတဲ့ ကာလမှာ ကုန်စည်များ မြစ် တဖက်ကမ်းသို့ ကုန်တင်ကုန်ချ အလုပ်သမားများဖြင့် သယ်ယူ ဖြတ်ကူး ခဲ့ရာမှ ၂၀၂၄ အောက်တိုဘာ လ ကနေ စပြီး ဒေသခံ အဖွဲ့အစည်းများမှ ရေတိမ်တဲ့ နေရာသို့ လမ်းလွှဲ ဖောက်လုပ်ပြီး ကုန်တင်ကားများ မြစ်ထဲဆင်း ကား ဖြတ်ကူးခဲ့ကြခြင်း ဖြစ်တယ် လို့လည်း ကားသမားများ ထံမှ သိရှိခဲ့ ရ ပါတယ်။

“အလုပ်သမား နဲ့ ကုန်စည်တွေကို ကဲ့ ပြီး သယ်သွားမယ် ဆိုရင် ကုန်ကျစရိတ် လည်းများ တယ်။ အချိန် လည်း ကုန်တယ်။ အလုပ်သမား ခ က ၁၂ ဘီးကား တစ်စီးမှာ ကျပ် ၁၅ သိန်း၊ စကပ် တစ်စီးမှာ ၁၀ သိန်း၊ ၆ဘီး ကုန်တင်ကားကြီး ဆိုရင် ၁၂ သိန်း ကုန်ကျတယ်။ အခု လမ်းလွှဲ ကနေ မြစ်ကို ကူးသွားရင် ဘီးခွန်က ၁၂ ဘီးဆို ၂ သိန်း၊ ၆ ဘီး ကုန်တင်ကားကြီး ဆိုရင် ၁ သိန်းခွဲ၊ Skat ကား ဆိုရင် ၁ သိန်း၊ အဲ လောက်ပဲ ကျတယ်။ အများကြီး သက်သာ တော့ မိုး စောစောကျ မှာကို ကားသမား တွေ အနေနဲ့ တကယ် စိုးရိမ် နေရတယ်” လို့ မံဆောင်း တံတား နားရှိ တီးတိန်ဒေသခံ လူငယ် တစ်ဦး က ပြောပြပါတယ်။

လက်ရှိမှာတော့ အိန္ဒိယ နယ်စပ်သို့ တင်ပို့တဲ့ ကုန်စည်များထဲတွင် ကွမ်းသီး တင်ပို့ မှု အများဆုံး ဖြစ်ပြီး တခြား ကုန်စည်များ လည်း ပို့ဆောင်နေတယ် လို့ လည်း အဆိုပါ ဒေသခံ ထံမှ သိရှိရပါတယ်။

“မိုးကျလာပြီး မြစ်ရေ ကြီးလာရင် တော့ ကားသမားတွေ ဝမ်းနည်း ပေမယ့် လက်လုပ်လက်စား ကုန်တင်ကုန်ချ ဒေသခံ အလုပ်သမားတွေ အတွက်တော့ အလုပ်အကိုင် အခွင့်အလမ်း တစ်ခု ပြန် ဖြစ်လာမှာပါ” လို့ အဆိုပါ တီးတိန်ဒေသခံ လူငယ်မှ ဆက်လက် သုံးသပ်ခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *