
ပြည်သူလူထု၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို လျစ်လျူရှုလျက် စစ်အုပ်စုမှ အာဏာဆက်လက် ချုပ်ကိုင်နိုင်ရေး နှင့် စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်စေရေးအတွက် ဟန်ပြပြုလုပ်ကျင်းပမည့်၊ ရှိသင့်ရှိထိုက်သော ကြန်အင်လက္ခဏာနှင့် စံနှုန်းများ ပျက်ကွက်ချို့ယွင်းနေသည့် ဂုဏ်သိက္ခာကင်းမဲ့လှသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း မပြုကြရန် အကြံပြု တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) က မေလ ၁၀ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
NUG နှင့် NUCC ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီမှ မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသို့ အကြံပြုတိုက်တွန်းခြင်း ထုတ်ပြန်ချက်မှာ နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ငလျင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ပါက ပြည်သူတို့၏ ဆင်းရဲဒုက္ခအပေါင်းနှင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလျက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ရည်ရွယ်ဆောင်ရွက်သော စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြသူများအဖြစ် ပြည်သူများက သတ်မှတ်ကြမှာကို နိုင်ငံရေးပါတီများအနေဖြင့် သိရှိကြလိမ့်မယ် လို့ ယုံကြည်ကြောင်း ထုတ်ပြန်ထားပါတယ်။
တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေအရပ်ရပ်တို့ အဆိုးဝါးဆုံးအခြေအနေသို့ ကျရောက်ရသည်မှာ စစ်တပ်က ပြည်သူ့အာဏာကို မတရားသိမ်းယူရန်ကြိုးစားနေမှု၏ အကျိုးဆက်အဖြစ် ကြောင်း၊ စစ်အာဏာသိမ်းမှု လေးနှစ်ကျော်အတွင်း ဒေသပေါင်းစုံရှိ ပြည်သူလူထုကြီးသည် ကိုဗစ်ကပ်ရောဂါဘေး၊ ရေကြီးရေလျှံသဘာဝဘေး၊ စစ်ဘေးဒဏ် တို့ကိုလည်း ဒုက္ခကြီးစွာရင်ဆိုင်နေကြရဆဲ ဖြစ်ကြောင်း၊ အထူးသဖြင့် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခြင်း၊ မတရား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လူငယ်များကို အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း စသည့်အကြမ်းဖက်မှု မျိုးစုံကို ပြည်သူလူထုတရပ်လုံးက နေ့စဉ် မပြတ် ခါးစည်းခံနေကြရကြောင်း NUG/NUCC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရစ်ချက်တာစကေး (၇.၇) ရှိ စစ်ကိုင်းငလျင်ကြီးဘေးဒဏ်ကို ပြည်သူ (၁၇.၄) သန်းခန့်သော ပြည်သူများ ထပ်ဆောင်း ခံစားနေကြရသည့် ကာလဖြစ်တာေကြာင့် ရွေးကောက်ပွဲ ကျင်းပသင့်သည့် ကာလမဟုတ်ဆိုသည်ကို လူသားစိတ်ရှိသော မည်သူမဆို နားလည်လက်ခံထားကြမည် ဖြစ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပ မယ်လို့ စစ်ကိုင်းငလျင်ကြီး လှုပ်အပြီးတွင် ထပ်လောင်းပြောကြား ခဲ့သည်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ရှင် ပြည်သူတို့၏ ဆန္ဒနှင့်ဆင်းရဲဒုက္ခပေါင်းစုံကို လျစ်လျှူရှုကာ ၎င်းတို့၏အတ္တကို ရှေ့တန်းတင်ထားခြင်းဖြစ်ကြောင်း NUG/NUCC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ခိုင်မာသည့် သက်သေပြချက် မရှိဘဲ ဖျက်သိမ်းကာ မတရားအာဏာသိမ်းယူရန် ကြိုးစားနေသော စစ်ကောင်စီကို ပြည်သူအများစု က မုန်းတီးနေသည်ကို နိုင်ငံရေးပါတီများအနေဖြင့် သိရှိမည်ဟု မျှော်လင့်ကြောင်း၊ စစ်တပ်က ဦးစီးကျင်းပခဲ့သော ရွေးကောက်ပွဲသမိုင်းဖြစ်စဥ်များ နှင့် မသမာမှုမျိုးစုံကိုလည်း မြန်မာပြည်သူများက အကြိမ်ကြိမ် ခံစားနားလည် သိရှိပြီးကြောင်း၊၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှု ရှိနေဆဲဖြစ်သည့်အတွက် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ပြည်သူတို့၏ သဘောဆန္ဒမပါပဲ နောက်ထပ် တရားမဝင် ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း NUG/NUCC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းဒဏ်ကြောင့် ပြည်သူသိန်းချီသေဆုံးပြီး သန်းချီ ထိခိုက်ခံစား နေရတာကို ဥပက္ခာပြုလျက် စစ်တပ်အာဏာရေရှည် တည်တံ့ရေး ရည်ရွယ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်း၊ စာရင်းဇယား တိကျမှန်ကန်မှုများမရှိပဲ ပြည်သူ့ဆန္ဒခံယူပွဲ အမည်တပ်ကာ ပြည်သူများ တခဲနက်လက်ခံအတည်ပြုသလို လိမ်ညာလုပ်ဆောင်ခဲ့ဖူးကြောင်း၊ ပြည်သူ့ဆန္ဒ နှင့် ကင်းလွတ်၍ ပေါ်ပေါက်လာသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းစဉ်ကတည်းက ပျက်ပြယ်ပြီးဖြစ်ကာ CRPH အပါအဝင် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများကလည်း ဖျက်သိမ်းခဲ့ပြီးကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် မည်သည့်နိုင်ငံရေး လမ်းကြောင်းမျှ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိ နိုင်မည် မဟုတ်ကြောင်း၊ ယင်းဖွဲ့စည်းပုံဖြင့် ကျင်းပသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲ သည်လည်း လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာများ (Political Crisis)ကို ဖြေရှင်းနိုင်မည့် ထွက်ပေါက်လည်း လုံးဝ မဟုတ်ကြောင်း၊ထို့ပြင် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် နိုင်ရေး အတွက် တော်လှန်ရေးအင်အားစုများ သဘောတူရေးဆွဲထားသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှင့်အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက်ဖြင့် အကောင်အထည်ဖေါ် လုပ်ဆောင် နေသည့် တော်လှန်ရေး လုပ်ငန်းစဉ်တွင် နိုင်ငံရေးပါတီများအပါအဝင် နိုင်ငံရေးအင်အားစု အသီးသီးနှင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့်သာ ဖော်ဆောင် နိုင်လိမ့်မည်လို့ ယုံကြည်ကြောင်း NUG/NUCC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကိုင်းငလျင်ကြီး၏ သဘာဝဘေးနှင့် လူလုပ်စစ်ဘေးဒဏ်တို့ကြောင့် ပြည်သူ အပေါင်း ဒုက္ခဆင်းရဲကြီးစွာ ရောက်နေချိန်မှာ ကျင်းပမည့် စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများကလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး လို့လည်း NUG/NUCC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီအသစ် လာရောက်လျှောက်ထားတဲ့ ပါတီ ၂၇ ခုနှင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ ခု၊ စုစုပေါင်း ပါတီ ၇၇ ခု မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားပြီး ပါတီတည်ထောက်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ်နေကြောင်း မေလ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။


