
မေလ ၃၁ ရက်။
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) ရဲ့ ၄ နှစ်တာကာလအတွင်း တိုင်းပြည်နဲ့ လူမျိုးအတွက် ကျဆုံးရဲဘော် ၁၄ ဦးနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၆ ဦး၊ အမြင်အာရုံဆုံးရှုံးသူ ၂ ဦး နှင့် ထိခိုက်ဒဏ်ရာရ ၄၀ ဦးကျော်အထိ ရှိခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) က ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၄ နှစ်ပြည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ နဲ့ တပ်မဟာ ၂ ဒုတိယအကြိမ် ညီလာခံကို ၂၀၂၅ ခုနှစ် ၊မေလ ၂၈ – ၂၉ နှစ်ရက်တာ ကောင်းမွန်စွာ ကျင်းပပြီးစီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) ရဲ့ အမည်နာမ၊ အမှတ်တံဆိပ်၊ ရုံးတံဆိပ်အားပယ်ဖျက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ အဖြင့် ပြန်လည်အတည်ပြုလိုက်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (၄) နှစ်တာကာလအတွင်း အဖက်ဖက်က ကူညီထောက်ပံ့ပေးကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ ပြည်တွင်းပြည်ပ မိဘပြည်သူတွေ အားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုတဲ့ကြောင်းနဲ့ ဆက်လက်ပြီး တော်လှန်ရေးပြီးဆုံးသည်ထိ ကူညီထောက်ပံ့ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
မတူပီမြို့နယ်အတွင်း ချင်းလဲန်းကောင်စီ အဖွဲ့ဝင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊တပ်မဟာ(၂) နဲ့ ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ဆိုပြီး လက်နက်ကိုင် ၂ ဖွဲ့ရှိပါတယ်။