Headlines

ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေကို ပေါင်းစည်းကာ တပ်မတော်တစ်ရပ်အဖြစ်ဖွဲ့စည်းဖို့ အခြေခံမှုတွေ ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်

မေလ ၁၂ ရက်။

ချင်းညီနောင်အဖွဲ့ရဲ့ မြေပြင်အစည်းအဝေးမှာချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များပေါင်းစည်းကာ ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို ကာကွယ်ပေးနိုင်တဲ့ ပိုမိုကျစ်လစ်ခိုင်မာတဲ့ တပ်မတော်တစ်ရပ် (Standard Army) အဖြစ်တိုးမြှင့်ဖွဲ့စည်းနိုင်ရန် အခြေခံမှုများ ချမှတ်ခဲ့တယ်လို့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ အနာဂတ်မှာ ချင်းပြည်သူလူထုတရပ်လုံး ကိုယ်စားပြုတဲ့ ချင်းပြည်အစိုးရ ပေါ်ပေါက်လာနိုင်ရေးအတွက် တန်းတူညီမျှခြင်း၊ တရားမျှတခြင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခြင်းအစရှိတဲ့ ဒီမိုကရေစီစံနှုန်းထားတွေ ပါဝင်တဲ့ ချင်းညီနောင်ရဲ့ Tems of Refence (ToR) အတိုင်း ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ဖို့ သဘာတူခဲ့ကြတယ်လို့လည်း ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်တွင်း မဟာမိတ်ဆက်ဆံရေးနဲ့ စပ်လျဉ်းပြီး သော်လည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် စပ်လျဉ်း၍သော်လည်းကောင်း စစ်ရေး၊ နိုင်ငံရေးနဲ့ လူမှုစီးပွားရေး မူဝါဒတွေ ရေးဆွဲနိုင်ဖို့အတွက် အခြေခံသဘောတူညီချက်တွေ ချမှတ်ခဲ့ကြတယ်လို့ ချင်းညီနောင်အဖွဲ့ကဆိုပါတယ်။

ချင်းညီနောင် ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်သွားမယ့်အပြင် ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး အစရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူတွေ တော်လှန်ရေးအင်အားစုတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခြေခံသဘောတူညီချက်တွေ ချမှတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်အဖွဲ့ရဲ့ မြေပြင်အစည်းအဝေးကို ဧပြီလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ချင်းပြည်နယ် လွတ်မြောက်နယ်မြေ တနေရာမှာ အောင်မြင်စွာ ကျင်းပခဲ့ပြီး ချင်းညီနောင်အဖွဲ့ဝင်အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ် စုစုပေါင်း ၃၉ ဦး တက်ရောက်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ချင်းညီနောင်အဖွဲ့မှာ CDF – Mindat ၊ CDF – Matupi ၊ CDF – Kanpetlet ၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး ( ZFU) ၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ဆိုတဲ့ လက်နက်ကိုင် (၆) ဖွဲ့နဲ့ ဖွဲ့စည်းထားပြီး ၎င်းအဖွဲ့ဝင်အဖွဲ့အစည်းအသီးသီးရဲ့လှုပ်ရှားနယ်မြေတွေကို ထိန်းချုပ်ထားနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *