
မေလ ၁၈ ရက်။
မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ခုမှ တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့ရဲစခန်းကို ဦးတည် ပစ်ခတ် တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှ နေအိမ်မှာ ရှိနေတဲ့ အသက် ၁၅ နှစ်ခန့် ရှိသည့် မောင်မာန်ဆွင်းမုန် အား ကျည်ထိမှန်ဒဏ်ရာရကာ လက်ရှိအချိန်မှာ ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူ နေတယ်လို့ ဒေသခံများ ထံမှ သိရှိရ ပါတယ်။
“လူငယ်တွေက ခိုင်ကမ်းရဲစခန်းကို နှစ်နေရာ ကနေ လှမ်း ပစ်တာ။ ရဲစခန်းကနေ လည်း ပြန် လှမ်းပစ်တယ်။ နှစ်ဖက် စလုံး ထိခိုက်နိုင်မယ့် အခြေအနေမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် အိမ်မှာ သူ့ဟာသူ အေးဆေး နေနေတဲ့ ကလေးရဲ့ ပေါင်ကို ကျည်ဆန် နှစ်ခုက မှန် သွားတယ်” လို့ အဖြစ်အပျက်ကိုသိရှိသူ ခိုင်ကမ်းမြို့ဒေသခံတစ်ဦးက ပြောပြပါတယ်။
ညနေ စစ်ဆေးရေး ဂိတ်များ ဖွင့်တဲ့ အချိန် ကျော်လွန်ခဲ့တာ ကြောင့် ဂိတ်မှာ တာဝန်ကျတဲ့စစ်တပ်က ဖြတ်သွားခွင့် ပိတ်ပင်တဲ့ အတွက် ဒီကနေ့ မေလ ၁၇ နေ့ မနက်မှ ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကာ ကျည်စများ ခွဲစိတ် ဖယ်ထုတ်ပြီး ဆေးကုသမှု ဆက်လက် ခံယူနေကြောင်း ဒေသခံများထံမှ သိရှိရ ပါတယ်။
“ခိုင်ကမ်း ရဲစခန်း တာဝန်ကျသူတွေက ဒဏ်ရာကို ကြည့်ပြီး သူတို့သုံးတဲ့ ကျည် အမျိုးအစား မဖြစ်နိုင်ဘူး လို့ ငြင်းထားပါတယ်။ ခွဲစိတ် ရာကနေ ရတဲ့ ကျည်စကို ကြည့်ပြီး အတည်ပြုမယ် လို့ ပြောထားတယ်။ ဆေးရုံ ကနေ ကျည်စ ကို သိမ်းထားခဲ့ရတယ် လို့ သိရတယ်။ အခုထိတော့ ဘယ်သူ့ ဘက်က ပစ်တဲ့ ကျည် ဆိုပြီး အတည်ပြုတာ တော့ မရှိဘူး” လို့ အဆိုပါခိုင်ကမ်းမြို့ဒေသခံ မှ ဆက်လက် ပြောကြားခဲ့ ပါတယ်။
မေလ ၁၆ ရက်နေ့က ခိုင်ကမ်းမြို့ ရဲစခန်းကို ပစ်ခတ်တဲ့ အဖွဲ့ကိုမူ မည်သည့် အဖွဲ့ ဖြစ်သည်ကို ဒေသခံများမှ အတည်ပြု ပြောကြားနိုင်ခြင်း မရှိဘူး လို့ ဒေသခံများထံမှလည်း ဆက်လက် သိရှိရပါတယ်။
