
ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း ကျေးငှက်တွေ အသိုက်တွင်း ဥများ ဥချပြီး သားပေါက်ချိန်ဖြစ်တာကြောင့် ငှက်ပစ်အမဲလိုက်တာတွေကို မေလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ အထိ ၂ လတိတိတားမြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မေလ ၁ ရက်နေ့မှာ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ပါတယ်။
အခုချိန်ကာလဟာ ကျေးငှက်တွေအသိုက်တွင်း ဥများဥချပြီး သားပေါက်ချိန်ဖြစ်တာကြောင့် ဒီအဖိုးတန် သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် လေသေနတ်၊ တူမီးသေနတ်၊ ပွိုင့်တူးတူး သေနတ်၊ လောက်လေးဂွတွေနဲ့ ငှက်ပစ်အမဲလိုက်ခြင်းကို ၂ လတိတိ တားမြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့နယ်အတွင်းက ကျေးငှက်တွေဟာ ရှားပါးငှက်မျိုးစိတ်တွေပါဝင်ကြပြီး အဖိုးတန်သဘာဝအမွေနှစ်တွေဖြစ်တာကြောင့် ဝိုင်းဝန်းထိန်းသိမ်းကြရမှာဖြစ်သလို အနာဂတ်ကာလတွင်လည်း ဒေသခံပြည်သူတွေအတွက် ခရီးသွားလာရေးကဏ္ထကတစ်ဆင့် ဝင်ငွေရရှိစေမှာဖြစ်တာကြောင့် တားမြစ်ချက်ကို အလေးနက်ထားလိုက်နာကြရန်နဲ့ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေတွေအရ အရေးယူခြင်းခံရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့နယ်အတွင်း အဖိုးမဖြတ်နိုင်တဲ့ ကမ္ဘာဦးသစ်တောတွေ၊ ရှားပါးလိပ်ပြာမျိုးစိတ်တွေ၊ ကျေးငှက်တွေ၊ သစ်ခွမျိုးစိတ်များနဲ့ မြင့်မားလှတဲ့ တောင်စဉ်တောင်တန်းတွေ တည်ရှိပြီး သဘာဝတောရိုင်းတိရိစ္ဆာန်ပေါင်းစုံ ကျက်စားရာဒေသဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးနောက် အရပ်သားအုပ်ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိနေပါတယ်။
