Headlines

ကန်ပက်လက်မြို့နဲ့ဝေဘူလမြို့ကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ အဆောက်အဦးများစွာထိခိုက်ပျက်စီးကာ ပြည်သူတချို့ထိခိုက်ဒဏ်ရာရ

မေလ ၁ ရက်။

ချင်းပြည်နယ် ကန်ပက်လက်မြို့ကို ဧပြီလ ၂၉ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ၊ဖလမ်းမြို့နယ်ဝေဘူလမြို့ကိုလည်း ဧပြီ ၂၇ ရက်နေ့က လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ ကန်ပက်လက်မြို့နဲ့ဝေဘူလမြို့မှာ အရပ်သားပြည်သူနေအိမ် များစွာထိခိုက်ပျက်စီးကာ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

CDF – kanpetlet က တာဝန်ရှိသူတစ်ဦးက “၂၉ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်တာရှိပါတယ် လူအထိအခိုက်တော့ မရှိဘူး၊ အဆောက်အဦးတွေဘဲ ထိခိုက်တယ် ” လို့ပြောပါတယ်။

စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ဖလမ်းမြို့နယ်ထဲက ဝေဘူလမြို့ကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ညက လေကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘုရားကျောင်း အပါအဝင် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

ကန်ပက်လက်မြို့နယ်နဲ့ ထိစပ်ဒေသဖြစ်တဲ့ မကွေးတိုင်း၊ ဆောမြို့နယ် အညာတကင်း ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ မေလ ၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံအမျိုးသမီး ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဧပြီလမှ ဒီကနေ့အချိန်အထိ ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်၊ ကန်ပက်လက်မြို့နယ်များ၊ချင်းပြည်နယ်နဲ့ ဆက်စပ်နေသော မကွေးတိုင်း၊ ဂန့်ဂေါ၊ ဆော မြို့နယ်များကိုလေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက နှိုးဆော်ထားပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဧပြီလ ၁၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ကန်ပက်လက်မြို့ကို စစ်ကောင်စီက ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ်လုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရခဲ့သလို အဆောက်အဦးများစွာလည်း ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်တပ်ဖွဲ့ နဲ့ မဟာမိတ်တွေက မင်းတပ်မြို့သိမ်းပိုက်ပြီးနောက်တစ်နေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေဟာ မြို့ကို စွန့်ခွာထွက်ပြေးသွားတာကြောင့် ကန်ပက်လက်မြို့ကို CDF – Kanpetlet က သေနတ်တစ်ချက်မဖောက်လိုက်ရဘဲ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *