၂၀၂၁ ဧပြီလ ၂၄ ရက်က မင်းတပ်မြို့မှာစတင်ခဲ့တဲ့ တူမီးသေနတ်ချင်းတော်လှန်ရေး (၄) နှစ်ပြည့်ပြီ

မိုင်မိုင်မန်းထာ

ချင်းပြည်နယ်မှာ ချင်းလူမျိုးတွေရဲ့ အိမ်တိုင်းလိုလိုမှာ တူမီးသေနတ်တွေရှိပါတယ်။ချင်းပြည်နယ်ကို ဝင်ရောက်လာတဲ့ နယ်ချဲ့ဗြိတိသျှတပ်တွေကို ဇုန်ထောက်လို့ ခေါ်တဲ့ မီးခတ် တူမီး ချင်းသေနတ်တွေကို သုံးပြီး ခုခံတော်လှန်ခဲ့ကြောင်း၊လက်ရှိအချိန်ထိလည်း ချင်းပြည်နယ်မှာ ပထမ၊ဒုတိယကမ္ဘာစစ်ခေတ်၊ကိုလိုနီခေတ်ကတည်းက သုံးစွဲခဲ့တဲ့ တူမီးသေနတ်တွေဟာ အခုချိန်အထိ အသုံးဝင်နေတုန်းပဲလို့ ရှေးချင်းလူကြီးတွေက ပြောပြဖူးပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နိုင်ငံလုံး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့သလို၊ ချင်းပြည်နယ်အတွင်း မြို့နယ်တွေ၊ ကျေးရွာတွေအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အဆက်မပြတ် ပေါ်ပေါက်ခဲ့ကာဖေဖော်ဝါရီလကုန်ကစပြီး စစ်တပ်ကလည်း လူထုဆန္ဒပြလှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ဖိနှိပ်တာတွေတိုးလုပ်လာနေခဲ့ပါတယ်။

ဒီလိုအချိန်မှာ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ကလူငယ်တွေက ဒေသကာကွယ်ရေးအတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ်(CDF-Mindat) ကို ၂၀၂၁ မတ်လ ၁၂ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့က မင်းတပ်မြို့မှာ ဆန္ဒပြလူငယ် ခုနစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာကို ပြန်လွှတ်ပေးဖို့ မင်းတပ်လူငယ်ထုက တောင်းဆိုရင်း ဧပြီ ၂၄ ရက်နေ့မှာ CDF-Mindat အဖွဲ့က မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ကို တူမီးသေနတ်တွေနဲ့ စတင်တိုက်ခိုက်ကာ ဧပြီ ၂၈ ရက်နေ့အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်နေ့၊ဧပြီလ ၇ ရက်နေ့က ချင်းတိုင်းရင်းသားတွေအများစုနေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့၊ တာဟန်းရပ်ကွက်မှာတည်ရှိတဲ့ တာဟန်းသပိတ်ခံတပ်ကို ဖြိုခွင်းခဲ့တဲ့စစ်ကောင်စီတပ်ကို လူငယ်တွေက ရရာလက်နက် တူမီးသေနတ်နဲ့ပြန်လည်ခုံခံတော်လှန်ခဲ့ရာကနေ တူမီးသေနတ်နဲ့ စစ်ကောင်စီကို တော်လှန်ခြင်းဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ နောက် မင်းတပ်မြို့မှာ ၂၀၂၁ ၊ မေလ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တိုက်ပွဲတွေ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာ၊ မြေပြင်ကနေ အမြှောက်လက်နက်ကြီးတွေ အသုံးပြုပြီး အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ မင်းတပ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကနေ ၇၀ ကြား သေဆုံးနိုင်ပြီး၊ စစ်ကား ၁၀ စီး ကို မီးရှို့ တိုက်ခိုက်ခဲ့ကြောင်း CDF- Mindat အဖွဲ့ဆီကသိခဲ့ရပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် ၊မေလ ၁၃ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး (မာရှယ်လော) ဒေသအဖြစ် ကြေညာခဲ့ပါတယ်။ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပထမဆုံး စစ်အုပ်ချုပ်ရေးဒေသအဖြစ်ကြေညာခံရတဲ့မြို့နယ်အနည်းစုမှာပါပါတယ်။

အမဲလိုက် တူမီးသေနတ်တွေနဲ့စခဲ့တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ်(CDF-Mindat) ရဲ့ တော်လှန်ရေးဟာ အင်အားကြီးတယ်လို့ ယူဆထားတဲ့စစ်တပ်ကို လူထုက ပြန်တိုက်နိုင်ဆိုတာကိုပြနိုင်ခဲ့တဲ့ အလှည့်အပြောင်း တခုဖြစ်တယ်လို့ CDF-Mindat ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက မနှစ် ၂၀၂၄ ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ CDF Mindat ရဲ့ ၃ နှစ်ပြည့် တော်လှန်ရေး နှစ်ပတ်လည် အခမ်းအနားမှာ အခုလိုပြောခဲ့ပါတယ်။

“ကျနော်တို့ ဧပြီလ ၂၄ ရက်နေ့မှာ ဒီတိုက်ပွဲတွေ ဖော်ဆောင်တဲ့နောက်ဆက်တွဲမှာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုကလည်း ဒါဟာ စ-က-စ ကို ကျနော်တို့ အားလုံးက ဝိုင်းဝန်းပြီးတော့ ဒီလို လုပ်လို့ရတယ်ဆိုတဲ့ တော်လှန်ရေးတခုကိုလည်း မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ CDF မင်းတပ်သာမကဘဲနဲ့ ချင်းပြည်နယ်မှာရှိတဲ့ ကျနော်တို့ ချင်းလူမျိုးတွေရော၊ မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ တော်လှန်ရေးအင်အားစုတွေအားလုံးက အလေးအမြတ်ထားပြီးတော့ သမိုင်းတင်ရမယ့် နေ့ထူး နေ့မြတ်လည်း ဖြစ်ပါတယ်။”

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးလပိုင်းအတွင်းမှာပင် မင်းတပ်မြို့လူငယ်များက အမဲလိုက်တူမီးသေနတ်ဖြင့် စစ် ကောင်စီတပ်ကို စတင်တော်လှန်ခဲ့ကြကာ ယမန်နှစ် ၂၀၂၄ ခုနှစ်ကုန် နိုဝင်ဘာလ ၉ ရက်မှစပြီး CDF-Mindat ပါဝင်တဲ့ချင်းညီ နောင်အဖွဲ့က မင်းတပ်မြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ၁ နှစ်တာအတွင်း စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ မတူပီ၊မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးစတဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင် ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့ပြီး ၄၀၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ ၂၀၂၄ ဒီဇင်ဘာလ ၃၀ ရက်မှာ ပြုလုပ်တဲ့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ ၁ နှစ်ပြည့်အခမ်းအနားမှာ ချင်းညီနောင်အဖွဲ့ဝင်၊CDF – Mindat ရဲ့စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေကပြောခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကျဆုံးသူတွေ နဲ့ထိခိုက်ဒဏ်ရာရသူ တွေဟာ ချင်းညီနောင် တပ်ဖွဲ့ဝင် အဖွဲ့ ၆ ဖွဲ့ရဲ့ ကျဆုံး၊ထိခိုက်ဒဏ်ရာ ရ စာရင်းဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ဖြစ်ပွားခဲ့တဲ့ ၄ နှစ်တာကာလ တိုက်ပွဲအတွင်းမှာတော့ ချင်းညီနောင်တပ်ဖွဲ့ဝင်ရဲဘော် ၂၅၀ ခန့် ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀၀ ခန့် ရှိခဲ့တယ်လို့ ဆလိုင်းထန်းချွန်းဖေ ကပြောပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ် ၂၀၂၁ ဧပြီလ ၂၄ ရက်က မင်းတပ်မြို့မှာစတင်ခဲ့တဲ့ တူမီးသေနတ်ချင်းတော်လှန်ရေး (၄) နှစ်မပြည့်ခင် ၂၀၂၄ ဒီဇင်ဘာလ ၂၁ ရက်မှာ CDF-Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့မဟာမိတ်အဖွဲ့က မင်းတပ်မြို့ကိုစစ်ကောင်စီလက်ကနေ အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။

အာဏာသိမ်းမှု ၄ နှစ် ကြာလာချိန်မှာ စစ်ကောင်စီက နိုင်ငံအနောက်မြောက်ပိုင်း တောင်တန်းဒေသ ချင်းပြည်နယ်ရှိနယ်မြေအများစု၊မြို့အများစုကို လက်လွှတ်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *