
ဧပြီလ ၂၈ ရက်။
အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ခံကူညီစောင့်ရှောက်ပေးတဲ့ အိန္ဒိယနိုင်ငံကအဖွဲ့အစည်းတွေနဲ့ အစိုးရအာဏာပိုင်တွေကို ကျေးဇူးသိတတ်သောအားဖြင့် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းတွေမှာ လုံးဝ ပါဝင်ပတ်သက်ခြင်းမလုပ်ကြဖို့ အပါအဝင် အချက် ၅ ခုကို ချင်းဒုက္ခသည်ကော်မတီ – နယူးဒေလီ ( CRC-NewDelhi ) က ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒုက္ခသည် ကွန်ဗင်းရှင်း (၁၉၅၁ခုနှစ်) ကို လက်မှတ်ထားခြင်းမရှိသော်လည်း အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်ပြုထားတာကြောင့်လည်း အထူးကျေးဇူးတင်ကြောင်းကိုလည်း ချင်းဒုက္ခသည်များ ကော်မတီက ဖော်ပြထားပါတယ်။
ဒါကြောင့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ခံကူညီ စောင့်ရှောက်ပေးလျက်ရှိတဲ့ အိန္ဒိယနိုင်ငံမှလူမှုအသင်းအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရအာဏာပိုင်တွေကို ကျေးဇူးသိတတ်သောအားဖြင့်
မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းတွေမှာ လုံးဝ ပါဝင်ပက်သက်ခြင်းမလုပ်ကြဖို့ ၊အိန္ဒိယ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရများ၊ လူမှုအသင်းအဖွဲ့များမှ အခါအားလျော်စွာ လိုအပ်ချက်အရ ထုတ်ပြန်တဲ့ စည်းကမ်းတွေလိုက်နာကြဖို့ ၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြဖို့၊ မိမိတို့ နေထိုင်လျက်ရှိတဲ့ ပတ်ဝန်းကျင်ဒေသခံတွေနဲ့ လိုက်လျောညီထွေစွာ ဆက်ဆံပေါင်းသင်းကြဖို့၊ မြန်မာနိုင်ငံသား၊ လူမှုအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ ကွန်မြူနတီအသီးသီး သို့ အထက်ပါ အချက်များလိုက်နာဆောင်ရွက်ကြရန် ထပ်ဆင့် ဖြန့်ဝေပေးစေလိုကြောင်းကို ချင်းဒုက္ခသည်ကော်မတီ ( နယူးဒေလီ) က အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အသက်ဘေးလုံခြုံစေရန် အိန္ဒိယနိုင်ငံ နယူးဒေလီ၊ မီဇိုရမ်၊ မဏိပူရ နဲ့ နာဂလဲန်းပြည်နယ်တွေမှာ မြန်မာနိုင်ငံသားလူသောင်းချီဟာ သွားရောက်ခိုလှုံလျက်နေကြပါတယ်။
