
၂၀၂၅ ဒီဇင်ဘာလ အတွင်းကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ အချိန်မီဆောင်ရွက်နိုင်ဖို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ ၉ ရက်နေ့ နောက်ဆုံးထား လျှောက်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပဖို့ရှိတာကြောင့် နိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်း၊ နိုင်ငံရေးပါတီများပူးပေါင်းကာ ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်းတွေကို ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန် အတွက် အချိန်လုံလောက်စွာ ရရှိစေရန်အလို့ဌာ ရည်ရွယ်တာဖြစ်တယ်လို့လည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရသိရပါတယ်။
ချင်းပြည်နယ်မှာ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် ချင်းပြည်သစ်ကွန်ဂရက်ပါတီကလည်း ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မတ်လ ၆ ရက်နေ့က လျှောက်ထားခဲ့ပါတယ်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ နိုင်ငံရေးပါတီ ၅၆ ပါတီရှိပြီး တည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီရှိတဲ့ကြောင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒီနှစ်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ်နဲ့ နောက်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ပါတီစုံရွေးကောက်ပွဲပြုလုပ်မယ်လို့လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားပါတယ်။
စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ချင်းပြည်နယ်အတွင်းမှာတော့ လုပ်နိုင်မှာမဟုတ်သလို လုပ်ခွင့်လည်း ပေးမှာမဟုတ်ဘူးလို့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း ပြောဆိုထားပါတယ်။