မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်နေသူတွေကို စနစ်တကျစောင့်ရှောက်နိုင်ဖို့ ဥပဒေအမြန်ဆုံး ပြဌာန်းပေးဖို့ မီဇိုးရမ်ကျောင်းသားများသမဂ္ဂ (MZP)တောင်းဆို

ဧပြီလ ၉ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်နေတဲ့သူတွေကို စနစ်တကျစောင့်ရှောက် နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ဥပဒေတွေ အမြန်ဆုံးပြဌာန်းပေးဖို့ မီဇိုးရမ်ကျောင်းသားများသမဂ္ဂ (Mizo Zirlai Pawl – MZP)က ဧပြီလ ၈ ရက်နေ့က တိုက်တွန်းထားပါတယ်။

မီဇိုရမ်အစိုးရအနေနဲ့ စစ်ဘေးရှောင်တွေကို စနစ်တကျစောင့်ရှောက်နိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေများ အမြန်ဆုံးပြဌာန်းဖို့ လိုအပ်ပြီး ဒီလိုဆောင်ရွက်နိုင်မှသာ မီဇိုရမ်ပြည်သူလူထုနဲ့ စစ်ဘေးရှောင်တွေအကြား နားလည်မှု ပြန်လည်တည်ဆောက်နိုင်မယ်လို့ မျော်လင့်ကြောင်း MZP ကဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ မဏိပူရ်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ ပဋ္ဋိပက္ခတွေကြောင့် မီဇိုရမ်ပြည်နယ်ကို စစ်ဘေးရှောင်လာသူဦးရေတိုးလာခြင်းနဲ့ ပက်သက်လို့ မီဇိုရမ်ပြည်သူတွေ ညီးညူနေကြတာ ကြားသိရတဲ့အတွက် စိတ်မကောင်းကြောင်း၊ စစ်ဘေးရှောင်တွေအနေနဲ့ ပြစ်မှုတစ်ခုခုကျူးလွန်ပါက ကျူးလွန်သူကို ဥပဒေအတိုင်း အရေးယူပေးဖို့နဲ့ ပြဿနာတစ်စုံတစ်ရာဖြစ်လာတာနဲ့ စစ်ဘေးရှောင်တွေလို့ ထင်ကြေးပေးပြီး နည်းလမ်းမျိုးစုံနဲ့ ကောလဟာလ ဖြန့်တာမျိုး မလုပ်ကြဖို့ကိုလည်း MZP ကတောင်းဆိုထားပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်လာတဲ့ သူတွေကို နွေးထွေးစွာကြိုဆိုစောင့်ရှောက်တာဟာ မီဇိုးလူမျိုုးတွေရဲ့ အလေ့အထ နဲ့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်သူတွေအနေနဲ့ မဖြစ်မနေ ဆောင်ရွက်ရမယ့် အရာလည်းဖြစ်တယ်လို့ မီဇိုးရမ်ကျောင်းသားများသမဂ္ဂ အဖွဲ့ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ရဲ့ လူစည်ကားရာနေရာတချို့မှာ ဓားထိုးမှုဖြစ်ခဲ့ပြီး ဒီလိုဖြစ်စဉ်တွေမှာ ပြစ်မှုကျူးလွန်သူတွေဟာ မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ သတင်းပြန့်နှံ့ခဲ့တယ်လို့လည်း ဒေသတွင်း သတင်းတွေဖော်ပြချက်အရ သိရပါတယ်။

ဒီစစ်ဘေးရှောင်များ အရေးကိစ္စနဲ့ ပက်သက်ပြီး မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ MZP ဗဟိုဌာနချုပ်မှာ ဧပြီလ ၈ ရက်နေ့က မီဇိုးရမ်ကျောင်းသားများသမဂ္ဂ အကြံပေးပုဂ္ဂိုလ်တွေနဲ့ ရုံးဝန်ထမ်း (OB) တွေ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး အခုလို သဘောထား ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *