မီဇိုရမ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယအထက်လွှတ်တော်အမတ် ထံ CRC ကသွားရောက်တွေ့ဆုံပြီး ချင်းဒုက္ခသည်အရေး တင်ပြ

ဧပြီလ ၂၇ ရက်။

အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် မီဇိုရမ်ပြည်နယ် ကိုယ်စားရွေးချယ်ခြင်းခံရသည့်ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ နယူးဒေလီ ရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ ကြုံတွေ့ရသည့် အခက်အခဲအခြေအနေများကို ဧပြီလ ၂၆ ရက်မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) ကသွားရောက်တွေ့ဆုံ တင်ပြခဲ့တယ်လို့ ဧပြီလ ၂၆ ရက်နေ့မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) NewDelhi ကထုတ်ပြန်ပါတယ်။

ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ ချင်းဒုက္ခသည်ကော်မတီ(CRC) မှ ဥက္ကဌဦးဆောင်သော အဖွဲ့ဝင်ကွန်မြူနတီအသီးသီးမှ ဥက္ကဌ များကသွားရောက် တွေ့ဆုံဆွေးနွေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ချင်းဒုက္ခသည်ကော်မတီ (CRC) ဘက်က တင်ပြချက်တွေက ဒုက္ခသည်များအတွင်း ကြုံတွေ့နေရသော ကျောင်း ၊ အလုပ်ရုံများတွင် ဒေသခံများမှ နှောက်ယှက် စော်ကားမှုများ နှင့် ရဲများ ခရစ်ယာန်ဘုရားကျောင်းများအထိ ဝင်ရောက် စစ်ဆေးခံခဲ့ရသည့် လုံခြုံရေး နှင့် ပါတ်သက်သော ကိစ္စများကို အိန္ဒိယအာဏာပိုင်များထံ တင်ပြပေးရန် ။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တိမ်းရှောင်လာခဲ့သူများကို ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံးမှ(UNHCR) ဒုက္ခသည် အဆင့်အတန်း အသိအမှတ်ပြုရန်နှောင့်နှေးကြန့်ကြာနေသဖြင့် UNHCR မဟာမင်းကြီးနှင့် တွေ့ဆုံပြီး ဒုက္ခသည် စီစစ်ရေးလုပ်ငန်းများ အမြန်ဆုံးပြုလုပ်ပေးရန် ။

အိန္ဒိယနိုင်ငံ နိုင်ငံခြားသားများမှတ်ပုံတင်ရေးရုံး (FRRO) မှ ဒုက္ခသည်များကို တရားဝင်နေထိုင်ခွင့် (ဗီဇာ) ထုတ်ပေးမှု ရပ်ဆိုင်းခဲ့သဖြင့် တတိယနိုင်ငံသို့ ထွက်ခွာမည့် သူများ တရားဝင်နေထိုင်ခွင့်ကျော်လွန် သူများအဖြစ် ဒဏ်ကြေးများပေးဆောင်နေရခြင်း ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲထောက်ခံစာ(PCC) မရယူ နိုင်သည့် အခြေအနေများပြေလည်စေရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးပေးရန် အပါအဝင် ဒုက္ခသည်များနှင့်သက်ဆိုင်သော အရေးကိစ္စများကိုတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ(Richard Vanlalhmangaiha)ကလည်း ၎င်းအနေဖြင့် UNHCR နှင့်သော်လည်းကောင်း သက်ဆိုင်ရာ အိန္ဒိယ အာဏာပိုင်များနှင့် တွေ့ဆုံ၍ မြန်မာဒုက္ခသည်များအခက်အခဲများပြေလည်စေရန် တင်ပြဆွေးနွေး မည် ဟု ပြန်လည်ပြောကြားခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါး များ မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်နေမှုများကို ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေး ကြရန် ချင်းဒုက္ခသည် ကော်မတီ(CRC) ကို မေတ္တာရပ်ခံခဲ့တယ်လို့လည်း ဆိုပါတယ်။

ချင်းဒုက္ခသည်ကော်မတီ (CRC) ကတာဝန်ရှိသူတွေက အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ ရုံးခန်းမှာ သွားရောက်တွေဆုံခဲ့တာဖြစ်ပြီး နေ့လည် ၁၂နာရီမှ ညနေ ၃နာရီအထိ နယူးဒေလီ ရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ ကြုံတွေ့ရသည့် အခက်အခဲအခြေအနေများကို တင်ပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *