မလေးရှားနိုင်ငံမှာ ချင်းလူမျိုးအချင်းချင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ခဲ့ပြီး သေဆုံးသူအလောင်းကို ၁ လ ကျော်အကြာမှထုတ်ယူသဂြိုလ်ခွင့်ရ

ဧပြီလ ၂၆ ရက်။

မလေးရှားနိုင်ငံမှာ၊ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ချင်းလူမျိုး အချင်းချင်း ခိုက်ရန်ဖြစ်ပြီး သေဆုံးသွားခဲ့သူ ချင်းအမျိုးသားတစ်ဦးရဲ့ အလောင်းကို ၁ လ ကျော်အကြာ လာမယ့် ဧပြီလ ၂၈ ရက်၊ တင်္နလာနေ့မှာ ထုတ်ယူခွင့်ရမှာဖြစ်ကာ သဂြိုလ်မှာဖြစ်တယ်လို့ Chin Refugee Committee (CRC )အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ပူဒူးအရပ်မှာ ချင်းလူမျိုးအချင်းချင်း အရက်သောက်ပြီး စကားများရန်ဖြစ်ရာကနေ လူသတ်မှုအထိဖြစ်သွားခဲ့ရာ အဲဒီနေ့ကတည်းကနေ သေဆုံးသူအလောင်းနဲ့ လူသတ်မှု ကျူးလွန်သူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတာဖြစ်တယ်လို့ CRC အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီအမှုနဲ့ပက်သက်ပြီး တရားရုံးတင်တဲ့ချိန် DNA စတဲ့အချက်အလက်တွေ မှန်ကန်မှုရှိဖို့ အတွက် ဆေးရုံမှာ ဆရာဝန်တွေက စစ်ဆေးမှုတွေ လုပ်နေတာကြောင့် အလောင်းကို ချက်ခြင်းမထုတ်နိုင်ခဲ့တာဖြစ်တယ်၊ အခု လာမယ့် တင်္နလာနေ့မှာ ထုတ်ယူပြီး နေ့လည် ၂ နာရီလောက်မှာ သဂြိုလ်သွားမယ်လို့ သိရပါတယ်” လို့ CRC အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ ကလေးမြို့နယ်၊ အောင်ရွာဇာတိက Salai Thian Lun Mang အသက် (၂၇) အရွယ်လို့ သိရပြီး လူသတ်မှု ကျူးလွန်သူဟာလည်း ချင်းလူမျိုးဖြစ်ပြီး အိန္ဒိယ passport ကိုင်ဆောင်သူဖြစ်တယ်လို့လည်း သိရတယ်။

CRC အဖွဲ့ တာဝန် ရှိသူက“ လူသတ်မှုကျူးလွန်သူကအိန္ဒိယpassport ကိုင်တယ် ဒီကို အလည်ပုံစံမျိုးနဲ့ ရောက်တယ်ထင်တယ် သူ့ရဲ့ ဦးလေးနဲ့ အခုသေဆုံးသူက အတူတူနေတယ်လို့ သိရတယ် နောက်ပြီး ဒီအမှုကို တရားရုံးတင်လိုက်ပြီလို့ သိရတယ် ဒီလိုအမှုမျိုးက တရားရုံးမှာဘဲကို ၂ နှစ်၊ ၃ နှစ်လောက်ကြာမှာ” လို့ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *