
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တစ်နေရာကို ဧပြီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ချိန်မှာ စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူနေအိမ် ၇ လုံးဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ယမန်နေ့ညနေ ၅ နာရီ ၂၀ မိနစ်လောက်မှာ မင်းတပ်မြို့ပေါ်တစ်နေရာကို ပေါင် ၂၅၀ ဗုံးလို့ယူဆရတဲ့ ဗုံး ၂လုံးကြဲျချပြီး အကြောင်းမဲ့လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူနေအိမ် ၇ လုံးဝန်းကျင်ခန့် ထိခိုက်ပျက်စီးသွားတယ်လို့” မင်းတပ်ဒေသခံ HKL Mindat က ၎င်းရဲ့ လူမှု့ကွန်ယက် ဖေ့ဘုတ်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့မရှိတော့တဲ့ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ အခုရက်ပိုင်းအတွင်း မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဧပြီ ၉ ရက်နေ့ တုန်းကလည်း မင်းတပ်မြို့နယ် ဖွီကျေးရွာကို ညကိုးနာရီ ဝန်းကျင်လောက်ကလည်း စစ်ကောင်စီ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၈ လသားအရွယ်ကလေးငယ်အပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ဧပြီလ ၁၃ ရက်နေ့ညနေ ၄ နာရီဝန်းကျင်လောက်မှာ မင်းတပ်မြို့မနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူထိခိုက်သေဆုံးမှုမရှိခဲ့ပေမယ့် ဘုရားကျောင်းဝင်းတွင်းက အဆောက်အဦးတွေ အကြီးကျယ် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindatပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ အပြီးသိမ်းပိုက်ခဲ့ပြီး လက်ရှိ မင်းတပ်မြို့အုပ်ချုပ်ရေးကိုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးအဖွဲ့က ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။