ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၇၀ ပါ စစ်ကြောင်း ကို ACDF က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး

ဧပြီလ ၂၉ ရက်။

အရှိုချင်းကာကွယ်ရေးတပ် – ACDF တပ်ရင်း (၃) တည်ရှိတဲ့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ ကစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၇၀ ပါ စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် – (ACDF ) ပြန်ကြားရေးတာဝန်ရှိသူ ကပြောပါတယ်။

ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်း ၅နာရီဝန်းကျင်လောက်မှာ အင်အား ၇၀ ရှိ စစ်ကောင်စီစစ်ကြောင်းဟာ မင်းလှမြို့နယ်အတွင်းက ဆားချောင်းကျေးရွာအတွင်းရောက်ရှိပြီးနောက် ငမိုးရိပ်ကျေးရွာကနေ ဇရစ်မြောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် အရှိုချင်းကာကွယ်ရေးတပ် – ACDF နဲ့ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၂ နာရီခန့်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

အရှိုချင်းကာကွယ်ရေးတပ် – ACDF ပြန်ကြားရေးတာဝန်ရှိသူ “ တိုက်ပွဲက ၂၇ ရက်နေ့ တစ်ရက်ဘဲဖြစ်ခဲ့တာပါ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးတယ်။ ကျနော်တို့ ACDF တပ်ရင်းက ၁ ၊ ၂ ၊ ၃ တပ်ရင်းဆို ပြီး တပ်ရင်း ၃ ခုရှိတယ် ပဲခူးတိုင်းဘက်မှာက တပ်ရင်း ၃ ပါ အရင်ကလည်းစစ်ရေးလှုပ်ရှားဘူးတာရှိပါတယ်” လို့ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ သိရပြီး စစ်ကောင်စီဘက်က လက်နက်ငယ် ၁၀ လက်နဲ့ ၆၀ မမ လက်နက် ၁ လက်၊ ခဲယမ်းများနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပဲခူးရိုးမအစပ်မှာ အရှိုချင်းကျေးရွာတွေတည်ရှိသလို အရှိုချင်းကာကွယ်ရေးတပ် – ACDF တပ်ရင်း ၃ ရဲ့စစ်ရေးလှုပ်ရှားရာ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *